သင်္ကြန်ရုံးပိတ်ရက်ကို နှစ်စဉ် (၁၀)ရက်ပေးရန် အလုပ်သမား(၆၀၀)ခန့် ဆန္ဒဖော်ထုတ်

လှိုင်သာယာမှာရှိတဲ့ အလုပ်သမား (၆၀၀)လောက်ဟာ သင်္ကြန်ရုံးပိတ်ရက်ကို နှစ်စဉ်(၁၀)ရက် ခွင့်ပြုပေးဖို့ အတွက် မတ်(၁၉)ရက် မနက်ပိုင်းက လှိုင်သာယာမြို့နယ် အားကစားကွင်းကစတင်ပြီး မီးခွက်ဈေး အောက်ထိပ်အထိ ချီတက်ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။

မဟာသင်္ကြန်အလုပ်ပိတ်ရက် (၅)ရက်နေ့အစား (၁၀)ခွင့်ပြုမှာဖြစ်ပြီး အစားထိုးခွင့်ပြုပေးမယ့် (၅)ရက် အတွက် အလုပ်ရှင်နှင့် အလုပ်သမားတွေ နှစ်ဖက်ညှိနှိုင်းပြီး သင့်တော်တဲ့နည်းနဲ့ ဆောင်ရွက်ဖို့၊ ဥပဒေနဲ့ အညီ နှစ်ဖက်ညှိနှိုင်းပြီး သင့်တော်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်ဖို့အပါအ၀င် သင့်တော်တဲ့ ခွင့်အမျိုးအစား အဖြစ် ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က မတ်(၁၇)ရက်မှာ ထုတ်ပြန်ပေးထားပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ ကြေညာချက်ကအတည်ဖြစ်လို့ နောက်နှစ်တွေမှာလည်း လက်ရှိနှစ်လိုပဲဖြစ်လာနိုင် တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။ အလုပ်သမားတွေကတော့ လက်ရှိ တစ်နှစ် တည်းကိုပဲ အလုပ်ပိတ်ရက် (၁၀)ခွင့်ပြုပေးတာမဟုတ်ဘဲ နှစ်စဉ် အလုပ်ပိတ်ရက်(၁၀)ရက်ပေးဖို့ကို အဓိက တောင်းဆိုတာဖြစ်ပြီး ပြင်ဆင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပြင်ဆင်လိုခဲ့ရင် အလုပ်သမားတွေရဲ့ အသံကို နားထောင်ပြီးဆွေးနွေးမှု ပြုလုပ်သင့်တယ်လို့ အလုပ်သမားခေါင်းဆောင် မမိုးစန္ဒာမြင့်က ပြောပါ
တယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မတ်(၁၂)ရက်က ဒဂုံမြို့သစ် (မြောက်ပိုင်း) ပင်လုံခန်းမမှာ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့သလို မတ်(၁၃) ရက်က UMFCCI ပြုလုပ်တဲ့ အလုပ်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မတ်လ(၁၉)ရက်နေ့က သင်္ကြန်ပိတ်ရက်အတွက် အလုပ်သမားတွေ ဆန္ဒဖော်ထုတ်ခဲ့ကြသလို၊ အနည်းဆုံး လုပ်ခလစာ (၅၆၀၀)ကျပ်ရရှိဖို့အတွက်လည်း လှိုင်သာယာမြို့နယ် စက်မှု(၁)မှတ်တိုင်ကနေ မြို့နယ်
အားကစားကွင်းအထိ အလုပ်သမားတစ်ချို့ တတိယအကြိမ် ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက် ဆန္ဒဖော် ထုတ်မှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Central News Bureau