ကမ္ဘာ့အရှည်ဆုံး ကြိုးဆိုင်းတံတားကို တူရကီ စတင်တည်ဆောက်

နဲလက်စ်ရေလက်ကြားကို ပေါင်းကူးပေးထားသော ကြိုးဆိုင်းတံတားအား မတ် ၁၈ တွင် တူရကီက စတင် တည်ဆောက်ခဲ့သည်။ ယင်းတံတားသည် ကမ္ဘာ့အရှည်ဆုံး ကြိုးဆိုင်းတံတားဖြစ်လာမည်ဟု တူရကီက ပြောကြားထားသည်။

မတ် ၁၈ ရက်က ၁၀၂ နှစ်ပြည့် Canakkale အောင်ပွဲ အခမ်းအနားတစ်ခု၌ တွေ့ရသော အာဒိုဂန် (Photo: AFP)

တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန် အထောက်အမပေးထားသည့် ဧရာမ အခြေခံအဆောက်အအုံ စီမံကိန်းများ အနက် ယင်းကြိုးဆိုင်းတံတားက နောက်ဆုံးကျ စီမံကိန်းတစ်ရပ် ဖြစ်လာခဲ့သည်။

အာဒိုဂန်၏ အာဏာကို ချဲ့ထွင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုအား လူထုဆန္ဒခံယူပွဲ မတိုင်မီ တစ်လခန့်အလိုတွင် တံတားစီမံကိန်း စတင်ခဲ့ခြင်းဖြစ်သည်။

ခေတ်သစ် တူရကီအား မူစတာဖာကမယ်အတာတက်က တည်ထောင်ခဲ့သည့် နှစ် (၁၀၀) ပြည့် အထိမ်း အမှတ် ကျရောက်မည့် ၂၀၂၃ ခုနှစ်တွင် ကြိုးဆိုင်းတံတားပြီးစီးမည်ဟု ခန့်မှန်းထားသည်။

တံတား၏ ပေါင်းကူးမည့် အကွာအဝေးသည် ၆,၆၃၇ ပေ ရှိမည်ဖြစ်ပြီး ဂျပန်ရှိ မီတာ ၂၀၀၀ ခန့်ရှိသော အာကာရှီခါအီယိုတံတားကို ကျော်တက်၍ ကမ္ဘာ့အရှည်ဆုံး ကြိုးဆိုင်းတံတားဖြစ်လာမည်ဟု တူရကီ အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။

“ဒီတံတားက ကမ္ဘာမှာ နံပါတ် (၁) တံတားဖြစ်လာမှာပါ။ ဒီတံတားက ဥရောပနဲ့ အာရှကို ချိတ်ဆက် ပေးမှာပါ” ဟု အာဒိုဂန်က တံတားအုတ်မြစ်ချ အခမ်းအနား၌ ပြောကြားခဲ့သည်။ ယင်းတံတားအား တူရကီကုမ္ပဏီများနှင့် တောင်ကိုရီးယားကုမ္ပဏီတို့က ပူးပေါင်း တည်ဆောက်မည်ဖြစ်သည်။

Ref: AFP