၂၀၁၇-ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တွေ့ဆုံ မေးမြန်းချက်များမှ ကောက်နှုတ်ဖော်ပြချက်

မေး- ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူအပေါ် ဘယ်လိုကတိစကားမျိုး ပြောချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတိုင်း ကျွန်တော်တို့ ဥက္ကဋ္ဌ၊ နောက် ကျွန်တော်တို့ဆီက တာဝန်ရှိသူတွေ နယ်တွေလှည့်ပြီး ကိုယ့်အဖွဲ့တွေနဲ့တွေ့တိုင်း ပြောတာ အဓိက ကတော့ အမျိုးသားရေးပေါ့၊ ကျွန်တော်တို့ အဓိကဖြစ်ချင်တာကတော့ နိုင်ငံတော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေးကို ဆောင်ရွက်ပေးဖို့ ရည်မှန်း ပါတယ်။ နိုင်ငံတော်တည်ငြိမ်မှ တရားဥပဒေစိုးမိုးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီအချက်ကိုတော့ ဦးစားပေးဆောင်ရွက်ပါတယ်။ နောက်ပြီးတော့မှ စီးပွားရေးတွေ တိုးတက်ဖို့ ပြောရရင်တော့ စီးပွားရေးနဲ့ပတ်သက်ရင် လူတွေအတော်များများ ညည်းနေကြတယ်လို့ ကျွန်တော်ကြား ပါတယ်၊ ဒါကြောင့် စီးပွားရေးအထိုက်အလျောက် တိုးတက်အောင် ကျွန်တော်တို့ဘယ်လို ဆောင်ရွက်ပေး လို့ရမလဲ၊ ဘယ်လိုဆောင်ရွက်ပေးရင် သင့်မလဲ၊ ဒါကိုလည်း ကျွန်တော်တို့ အမြဲတမ်း ဆွေးနွေးနေပါတယ်။

ပြီးခဲ့တဲ့ သုံးလေးလလောက်တုန်းက စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးပြီး တွေ့ရှိတဲ့ရလဒ်တွေကိုလည်း အားလုံးသိအောင် ထုတ်ပြန်ပေးပါတယ်။ အပြုသဘောနဲ့ အကြံပေးခြင်းဖြစ် ပါတယ်။ ဒီအကြံတွေကိုယူလိုက ယူနိုင်ပါတယ်၊ သုံးလိုက သုံးနိုင်ပါတယ်၊ ဒါမျိုးစသည်ဖြင့် တစ်ဖက်တစ်လမ်းက နိုင်ငံတော်တိုးတက်ဖို့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူလူထုကိုပဲ အဓိကထားပါတယ်။ အဓိကပြောရရင် တရားဥပဒေစိုးမိုးဖို့၊ တည်ငြိမ်အေးချမ်းဖို့ အဓိက ဦးစားပေး ပါတယ်။ ဆောင်ရွက်ပေးချင်ပါတယ်။ စီးပွားရေးတိုးတက်ဖို့ အထိုက်အလျောက် တိုးတက်မှု ရှိအောင် လုပ်ပေးချင်ပါတယ်။ အဓိက ကတော့ နိုင်ငံတော် အချုပ်အခြာအာဏာ ထိပါးမှုလေးတွေကို မဖြစ်အောင် အဓိက ရည်မှန်း ထားပါတယ်။

မောင်ပိုင် တွေ့ဆုံမေးမြန်းသည်။

၂၀၁၇-ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တွေ့ဆုံ မေးမြန်းချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။