ချန်ပီယံလိဂ်ဖလားရရန် ဘာစီလိုနာ ရေပန်းစားနေ

လက်စတာစီးတီး သည် ယခုရာသီချန်ပီယံလိဂ်၏ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်လာနိုင်သော် လည်း ဖလားရနိုင်ခြေ ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိကာ ဘာစီလိုနာက ချန်ပီယံလိဂ် ဖလားရရန် ရေပန်း အစားဆုံးဖြစ်နေကြောင်း စစ်တမ်းတစ်ရပ် က ဖော်ပြသည်။

လက်စတာသည် အိမ်ကွင်းဒုတိယအကျော့ပွဲ၌  ဆီဗီလာကို ၂-၀ ဂိုးဖြင့် နိုင်ပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ပြီးခဲ့သည့်ရာသီက ပထမဆုံးဆုဖလားအဖြစ် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့သော လက်စတာသည် ကွာတား ဖိုင်နယ်တွင် ဘာစီလိုနာ၊ ဘိုင်ယန်၊ ဒေါ့မွန်၊ဂျူဗင်တပ်၊ ရီးရဲလ်၊ အက်သလက်တီကို၊ မိုနာကိုတို့နှင့်အတူ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ရင်ဆိုင်တွေ့မည့် အသင်းစာရင်းကို ယနေ့မဲနှိုက်ဆုံးဖြတ်မည်ဖြစ်သည်။

ပီအက်စ်ဂျီကို ပထမအကျော့တွင် ဂိုးပြတ်ရှုံးခဲ့သော်လည်း ဒုတိယအကျော့၌ ၆-၁ ဂိုးဖြင့် အနိုင်ယူကာ ကွာတားသို့ တက်လာသော ဘာကာသည် ချန်ပီယံလိဂ်ဖလားရရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း SPI စစ်တမ်းအရ သိရသည်။

ဘာကာသည် ဖလားရရန် ၃၂ ရာခိုင်နှုန်းရှိပြီး ဗိုလ်လုပွဲနှင့် လွဲချော်နိုင်ခြေ ၅၄ ရာခိုင်နှုန်းရှိသည်။ ဘိုင်ယန်သည် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခြေ ၄၅ ရာခိုင်နှုန်းရှိပြီး ဖလားရရန် ၂၅ ရာခိုင် နှုန်းရှိကြောင်း ဘောလုံးအချက် အလက်များကို လေ့လာထား သော SPI စစ်တမ်းအရ သိရသည်။

ထိုအတောအတွင်း ဘရာဇီး လက်ရွေးစင်ဟောင်း ရော်နယ်ဒင်ဟိုက ဘာကာကြယ်ပွင့်နေမာ သည် မက်ဆီ၊ ရော်နယ်ဒိုတို့နှင့် ခြေစွမ်းညီမျှသော ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးကို နှစ်ကျော့ပေါင်း ၆-၆ ဂိုးဖြင့် ဖြတ်ကျော်နိုင်ခဲ့သော မိုနာကိုသည် ချန်ပီယံလိဂ်ဖလားရနိုင်ခြေ ၃ ရာခိုင် နှုန်းသာ ရှိသည်ဟု စစ်တမ်းက ဖော်ပြသည်။

အက်သလက်တီကိုသည် ဖလားရနိုင်ခြေ ၅ ရာခိုင်နှုန်းရှိပြီး ရီးရဲလ်က ဘာကာနှင့် ဘိုင်ယန်တို့ နောက်တွင် ရှိနေသည်။

Ref:ESPN