အခွန်မကောက်မီ ရွှေဝယ်စုဆောင်းသူ များပြားနေ

ဧပြီတွင် လက်ဝတ်ရတနာများကို အခွန် ၁ ရာခိုင်နှုန်း စတင် ကောက်ခံမည်ဖြစ်သောကြောင့် အခွန် မဆောင်မီကာလအတွင်း ရွှေဝယ်ယူစုဆောင်းသူ များပြားနေသည်။

‘‘ရောင်းအားက အရမ်းတက်လာတယ်။ ဒါကြောင့် ညနေအပိတ်ဈေးမှာ တော်တော်တက်သွားတယ်။ ရောင်းအားကောင်းနေတာ လေးရက်လောက်ရှိသွားပြီ’’ ဟု လသာမြို့နယ်ရှိ တိန့်ဝမ်ရွှေဆိုင်မှ မန်နေဂျာ ဒေါ်စံပယ်အောင် ကပြောသည်။

လက်ရှိဈေးကွက်တွင် ရွှေအ၀င်နည်းပါးနေသောကြောင့် ဈေးကွက်အတွင်း လှည့်ပတ်နေသည့် ရွှေများဖြင့် သာ အရောင်းအ၀ယ်ဖြစ်နေပြီး လကုန်အထိ ရောင်းအားမြင့်တက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

မတ်လ ၁၅ ရက်က ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ရွှေလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် အခွန် ကောက်ခံမှု နှင့်ပတ်သက်၍ မီးလင်းရွှေ (အတုံး)ကို ၅ရာခိုင် နှုန်းကောက်ခံမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။

‘‘လောလောဆယ် လက်ဝတ်ရတနာက ၁ ရာခိုင်နှုန်း သေချာသွားပြီ။ အတုံးကိုကောက်ဖို့တော့ ဆက် ဆွေးနွေးရဦးမှာပါ။ အတည်မဖြစ်သေးပါဘူး’’ ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းကပြောသည်။

မီးလင်းရွှေ (အတုံး)ကို ၅ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဆိုပါက ရွှေဈေး ပိုမိုမြင့်တက်နိုင်ပြီး ၀ယ်ယူ စုဆောင်းသူများ အခက်တွေ့နိုင်ကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က အတည်ပြုခဲ့သော ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ရွှေထည်နှင့် လက်ဝတ် ရတနာဝယ်ယူသူများသည် ဧပြီ ၁ ရက်တွင် အခွန် ၁ ရာခိုင်နှုန်း ပေး ဆောင်ရမည်ဖြစ်သည်။

ရွှေထည်များကို ၁၉၉၀ က စ၍ ၅ ရာခိုင်နှုန်းကောက်ခံခဲ့ဖူး  ပြီး ယခု ၁ ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ် သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ထို့ကြောင့် ၀ယ်ယူသူများ ထံမှ မည်သည်ပုံစံဖြင့် အခွန်ကောက်ခံမည်ဆိုသည်ကို လုပ်ငန်းရှင်များနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့ တွေ့ဆုံဆွေးနွေးထားသည်ဟု ဆိုသည်။

မတ်လ ၁၆ ရက်က ရန်ကုန်ရွှေဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းနေပြီး ညနေ ၄ နာရီအထိ ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၄၀,၀၀၀ ဈေးပေါက်ကြောင်း သိရသည်။

# 7 Day Daily