ကွန်တိန်နာယာဉ်များ ရန်ကုန်၌ နေ့လယ်ပိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု
ရန်ကုန်မြို့တော် ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီးတွင် ကုန်သေတ္တာ (ကွန်တိန်နာ) ယာဉ်နှင့် ကုန်တင်ယာဉ်များ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြန်လည်ဖြတ်သန်းမောင်းနှင်ခွင့်ကို မတ်လ ၁၆ ရက်နေ့မှစ၍ ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိအချိန်သည် ပွင့်လင်းရာသီဖြစ်ပြီး ဆန်နှင့် ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့် တင်ပို့ နေသည့်ကာလဖြစ်၍ ဈေးကွက်လိုအပ်ချက်အရ အချိန်မီတင်ပို့ရန် လိုအပ်ကြောင်း၊ သင်္ကြန်ကာလလည်း ကျရောက်တော့မည် ဖြစ်သဖြင့် ပိတ်ရက်များတွင် ရပ်ဆိုင်းထားရမည့်အတွက် ကြိုတင်ဆောင်ရွက်ခွင့်ရရန် ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီး နေ့ပိုင်းမောင်းနှင်ခွင့်ပေးရေးကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် များနှင့် မြန်မာနိုင်ငံ ကုန်သေတ္တာအသင်းတို့က တောင်းဆိုသောကြောင့် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
“အရင်ကလည်း လုပ်ငန်းလိုအပ်ချက်အရ ပြောပြရင် မောင်းနှင်ခွင့်ပေးပါတယ်။ အခုလို ပိတ်ရက်တွေ နီးနေ တဲ့အတွက် ဒီအချိန်အတွင်းမှာ လုပ်ကိုင်ခွင့် ပေးလိုက်တော့ လုပ်ငန်းရှင်တွေအတွက် အဆင်ပြေသွားတယ်” ဟု ရေထွက်ကုန်တင်ပို့သူ ဦးမြင့်လှိုင်က ပြောကြားသည်။
နေ့လယ်ပိုင်း မောင်းခွင့်ပေးလိုက်သဖြင့် လုပ်ငန်းရှင်များအတွက် အဆင်ပြေသကဲ့သို့ အခေါက်ရေဖြင့် ပြေးဆွဲနေသည့် ယာဉ်မောင်းများအတွက်လည်း အဆင်ပြေလာနိုင်ကြောင်း ကုန်တင်ယာဉ်မောင်း ဦးထွန်းထွန်းက ပြောဆိုသည်။
ရန်ကုန်မြို့တော်တွင် ယာဉ်လမ်းကြောကျပ်တည်းသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် ကုန်သေတ္တာယာဉ် များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ ညပိုင်းသီးသန့်သာ ပြေးဆွဲခွင့် ပေးခဲ့သည်။
# The Voice