အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်သွားသည်ကို တရုတ်အနေဖြင့် မလိုလားကြောင်း ၀န်ကြီးချုပ် လီကဲချန် ပြောကြား

တရုတ်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားသည်ကို မလိုလားကြောင်းနှင့် ဘုံတိုးတက်အောင်မြင်မှုရရှိစေရန် နှစ်နိုင်ငံကြား ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်းပါကြောင်း ဗုဒ္ဓဟူးနေ့ တွင် ဝန်ကြီးချုပ် လီကဲချန်က ပြောကြားခဲ့သည်။

တရုတ်ပါလီမန်လွှတ်တော် နှစ်စဉ်ပုံမှန်အစည်းအဝေး အဆုံးသတ်တွင် ကျင်းပမြဲ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်လီက “နှစ်နိုင်ငံကြား ဖြစ်ပွားလာမယ့်ဘယ် ကုန်သွယ်ရေးစစ်ပွဲကိုမှ ကျွန်တော်တို့မမြင်ချင်ပါဘူး၊ အဲဒါဟာ ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးကို ပိုမျှတစေမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

၎င်းက “တရုတ်ဘက်ကုန်သွယ်ရေးအပေါ် ကျွန်တော်တို့ မျှော်လင့်ချက်ကတော့ ဒီဆက်ဆံရေးကို ထိခိုက်မှု မဖြစ်စေရေးပါ၊ အကောင်းမြင်လမ်းကြောင်းကနေ ရှေ့ကို ဆက်လက်ချီတက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ကျွန်တ်ာတို့ဆီမှာ နည်းဗျူဟာကျတဲ့ မတူကွဲပြားတဲ့ နည်းလမ်းတွေ ရှိကောင်းရှိနိုင်ပါ တယ်၊ ဒါပေမယ့် ဘယ်လိုမတူကွဲပြားမှုပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် စကားပြောဆိုပြီးတော့ အဖြေကို အတူတကွ ရှာဖွေနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။

ထို့ပြင် အချိန်က ဖြေရှင်းပေးသွားမည့် ကိစ္စရပ်များကိုလည်း ချက်ချင်းဆိုသလို မဖြေရှင်းနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ လာမည့်လတွင် ဖလော်ရီဒါ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ် သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် မီဒီယာများတွင် ဖော်ပြထားသည်။
Ref:Reuters