နိုင်ငံတကာ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ဂျာမနီနှင့် အမေရိကန်နိုင်ငံမှ နောက်ဆုံးပေါ် နည်းပညာများ ပြသမည်

သတ္တမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ဂျာမနီနဲ့ အမေရိကန်နိုင်ငံက လက်ဝတ် ရတနာ ဖန်တီးပြုလုပ်ပုံနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ပြသသွားမှာဖြစ်တယ်လို့ Asia Connect International Ltd. ဒါရိုက်တာ MR. Michael Khaniss Jand ရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတ္တမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမမှာ မတ်(၂၄)ရက်ကနေ (၂၇)ရက်အထိ (၄)ရက်တာ ကျင်းပသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ပြပွဲမှာနိုင်ငံ(၁၁)နိုင်ငံက လာရောက်ပြသမှာဖြစ်ပြီး နည်းပညာသစ်တွေလည်း ပြသမှာဖြစ်ကာ ထူးခြားတဲ့ အစီ အစဉ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ MR. Michael Khaniss Jand ကပြောပါတယ်။ အရင်တုန်းက ပြည်တွင်း ကထွက်တဲ့ ကျောက်အရိုင်းတုံးတွေကို ရောင်းချတဲ့ ကျောက်မျက်ရတနာပြပွဲတွေသာ ပြုလုပ်ခဲ့ရှိပေမယ့် အခုအခါ ခေတ်ကာလ တိုးတက်လာတဲ့အညီ နိုင်ငံတကာက လာရောက်ပြသတဲ့ ကျောက်မျက်ရတနာပြပွဲတွေ ရှိလာ တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ လက်ဝတ်ရတနာဖန်တီးတဲ့ နည်းပညာတွေ မတိုးတက်သေးတာကြောင့် အခုလိုပြပွဲတွေကတစ်ဆင့် နိုင်ငံတကာက နည်းပညာတွေကို ဖလှယ်နိုင်ပြီး လေ့လာသင်ယူရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောပါတယ်။

ပြပွဲမှာ မြန်မာနိုင်ငံအပါအ၀င် ထိုင်း၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ အစ္စရေးနဲ့ အိန္ဒိယစတဲ့ နိုင်ငံ(၁၁)နိုင်ငံက ပြသမှာဖြစ်ပြီး ကျောက်မျက်ရတနာ အချောထည်၊ အကြမ်းထည်၊ ပတ္တမြား၊ နီလာ၊ ပုလဲ၊ ကျောက်စိမ်းစတဲ့ ကျောက်မျက်ရတနာတွေကို ၀ယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Centarl News Burea