လွိုင်ကော်နှင့် မယ်ဟောင်ဆောင်မြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့အကြား စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန် တည်ဆောက်ရန် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ရန် လက်မှတ်ရေးထိုး ချုပ်ဆိုပွဲကို ယနေ့ (မတ်လ ၉ ရက်) ကျင်းပခဲ့ကြောင်း ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

လွိုင်ကော်မြို့သည် ဒေသတွင်း စီးပွားရေး အခွင့်အလမ်း ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သော်လည်း လက်ရှိ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် စီးပွားရေးဖွံ့ဖြိုးမှု အနည်းဆုံးပြည်နယ် တစ်ခုတွင် ပါဝင်နေဆဲ ဖြစ်ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

ယမန်နှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နှင့် ဆက်သွယ်သည့် နယ်စပ် ထွက်ပေါက် BP 13 နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ဒေသတွင်း ကုန်စည်စီးဆင်းမှု သာမက အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လာခြင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်များ မျက်စေ့ကျရာ နေရာတစ်ခု ဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

# The Voice