ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစည်းရုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစည်း ရုံးဆောင်ရွက်ခဲ့သည်။

 

မဲဆွယ်စည်းရုံးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပါတီခေတ္တဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမှတ်(၁)ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးဆန်းဦးနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၅ဝ ဖြင့် အမှတ်(၁) ရပ်ကွက် အတွင်းရှိ ဒေသခံမိဘပြည်သူများထံ အဖွဲ့လေးဖွဲ့ခွဲ၍ ရွေးချယ်ခံမည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအား မိတ်ဆက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မိမိတို့ပါတီ၏ ပြည်သူ့အပေါ်ထားရှိသည့်မူဝါဒ သဘောထားများကို ရှင်းလင်းခဲ့ပြီး အောင်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ယူဒီနေ