“အမ်း” ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်နယ်ပါတီဥက္ကဋ္ဌ မှ အောင်နိုင်ရေးကော်မတီဝင်များ၊ ၀န်းရံသူများနှင့်တွေ့ဆုံ

 

ဧပြီလတွင် ကျင်းပပြုလုပ်မည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် မိမိပါတီမှ ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် ပြည်နယ် ပါတီဥက္ကဋ္ဌမှ ပြည်နယ်ပါတီကော်မတီဝင်များ၊ အောင်နိုင်ရေးကော်မတီဝင်များ၊ ၀န်းရံသူများအား ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မတ်လ (၄) ရက် နံနက် (၉) နာရီ အချိန်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကျယ်တ၀င့် ဆွေးနွေးခဲ့ကြ သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော် မတီဝင်)၊ ပြည်နယ်ပါတီဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော် မတီဝင်)၊ ပြည်နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဇော်ဇော်မြင့် (ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်)၊ ဦးလှထွန်း၊ ဦးထွန်းဝေ၊ ဦးစန်းငွေ၊ ဦးတင်မောင်သန်း၊ ဦးခင်သောင်း၊ ဒေါ်ခိုင်ဇင်ဦး၊ ကျောက်ဖြူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းနု၊ မြောက်ဦးခရိုင်ကော်မတီဝင် ဦးသာထွန်း၊ ရသေ့တောင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝေကျော်အောင်၊ မြောက်ဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်လှဝေ၊ မြေပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်တို့ တက်ရောက်ခဲ့ကြသည်။

ဆွေနွေးပွဲတွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ပြည်နယ်ပါတီဥက္ကဋ္ဌမှ အကျယ်တ၀င့် ရှင်းလင်းပြောကြား ပြီးနောက် ပြည်နယ်ပါတီအတွင်းရေးမှူးက ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီဌာနချုပ်မှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်ကော်မတီဝင်များမှ မိမိတို့ ကြုံတွေ့ခဲ့ရသော လွန်ခဲ့သည့်ရွေးကောက်ပွဲအခြေအနေများအား သင်ခန်းစာ ယူကာ ယခုလက်ရှိအခြေအနေပေါ်မူတည်၍ လုပ်သင့်လုပ်ထိုက်သည်များကို အကောင်းဆုံး လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း အကျယ်တ၀င့် ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ၀န်းရံသူ မြို့နယ်ပါတီဥက္ကဋ္ဌများမှ အောင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် မည်သို့မည်ပုံဆောင်ရွက်သွားမည်၊ တတ်နိုင်သမျှ အားထည့်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ကတိပေးဆွေးနွေး တင်ပြ ခဲ့ကြသည်။

တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ နည်းလမ်းကောင်းများအား အတည်ပြုမှတ်ချက်ပြုခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်သွားရမည့် အောင်နိုင်ရေးစီမံချက်များကို ချမှတ်ခဲ့ကြကြောင်း သိရသည်။