ကမ္ဘာ့အဆင့် သတ်မှတ်ရေး အာရှမြားပစ်ပြိုင်ပွဲတွင် မြန်မာ ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံ၌ ကျင်းပမည့်ကမ္ဘာ့အဆင့် သတ်မှတ်ရေးအာရှချန်ပီယံရှစ်မြားပစ်ပြိုင်ပွဲတွင် မြန်မာမြားပစ်အားကစား အဖွဲ့က ကစားသမား ၁၂  ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

အဆိုပါပြိုင်ပွဲကို မတ်လ ၂ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ် ပြီး Recurve နှင့် Compound ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။ မြန်မာမြားပစ်အဖွဲ့သည် ဆီးဂိမ်း ပြိုင်ပွဲ အကြိုပြင်ဆင်မှုအနေဖြင့် ယင်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မြား ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

‘‘လက်ရွေးစင်ကစားသမား ၁၂ ဦးနဲ့ ၀င်ပြိုင်မှာပါ။ ဒီပြိုင်ပွဲက အာရှပြိုင်ပွဲဖြစ်နေတာကြောင့် ဆု တံဆိပ်ရရှိဖို့ထက် အတွေ့အကြုံ ကောင်းတွေရရှိဖို့ မျှော်လင့်ပါ တယ်။ ဆီးဂိမ်းမှာ အောင်မြင်မှုရရှိ ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ၀င် ပြိုင်မှာပါ’’ဟု ၎င်းကပြောသည်။

အာရှချန်ပီယံရှစ် မြားပစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမြားပစ်အဖွဲ့၌ ၀ါရင့်ကစားသမားများဖြစ်သည့် ရဲမင်းဆွေနှင့် အောင်ငှိမ်းတို့က နည်းပြ၊ ကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် ဆုတံဆိပ် ရယူနိုင်ခြင်းမရှိခဲ့သည့် မြန်မာမြားပစ်အသင်းအနေဖြင့် လာမည့် ၂၀၁၇ မလေးရှားဆီးဂိမ်း ၌ လက်ရွေးစင်ဟောင်းများပြန် လည်ခေါ်ယူကာ ရွှေတံဆိပ်အပါအ၀င် ဆုတံဆိပ်များရရှိရေး ပစ်မှတ်ထား ပြင်ဆင်လျက်ရှိသည်။ ထို့အပြင် ၂၀၁၆ စက်တင်ဘာက စတင်ပြုလုပ်နေသည့် လစဉ်လက်ရည်စမ်း မြားပစ်ပြိုင်ပွဲကို ဆက်တိုက်ပြုလုပ်၍ မလေးရှားဆီးဂိမ်းအတွက် ပြင်ဆင်နေသည်။

ထို့အပြင် မြန်မာမြားပစ်အဖွဲ့သည် မလေးရှားဆီးဂိမ်းမတိုင်မီ တောင်ကိုရီးယားနိုင်ငံသို့ တစ်လကြာ ပူးပေါင်း လေ့ကျင့်ရန် စီစဉ်ထားကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီအတွင်းက ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် အရှေ့တောင် အာရှတံခွန် စိုက်မြားပစ်ပြိုင်ပွဲတွင် မြန်မာမြားပစ်အသင်းက ရွှေနှစ်ခုအပါအ၀င် ဆုတံဆိပ် ၁၂ ခုရရှိကာ နိုင်ငံအလိုက် အဆင့် (၂) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်တို့မှ အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

(7 Daydaily)