CDNH မှ ထုတ်ဝေထားသည့် ပြည်သူ့နီတိစာအုပ်များနှင့် ပတ်သက်၍ Social Media စာမျက်နှာများတွင် ရေးသားဝေဖန် ပြောဆိုမှုများအပေါ် CDNH အဖွဲ့ ပြန်လည်ရှင်းလင်း

ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ Center for Diversity and National Harmony (CDNH) မှ ထုတ်ဝေထားသည့် ပြည်သူ့နီတိစာအုပ်များနှင့် ပတ်သက်၍ အင်တာနက Social Media စာမျက်နှာများတွင် ရေးသားဝေဖန်ပြောဆိုမှုများအပေါ် CDNH အဖွဲ့မှ  ပြန်လည်ရှင်းလင်းသည့် သတင်း ထုတ်ပြန်ချက်တစ်စောင်ကို မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ CDNH သည် ဘာသာရေး ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ လူမှုရေး သိပ္ပံ၊ သမိုင်းနှင့် ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားသော ပြည်တွင်း NGO တစ်ခုဖြစ်ကြောင်း၊ မည်သည့် ဘာသာရေးခေါင်းဆောင်တစ်ဦး တစ်ယောက်မျှ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမရှိကြောင်း၊ CDNH သည် တိုင်းပြည် အတွင်း နိုင်ငံရေးပြောင်းလဲမှုနှင့် သဟဇာတဖြစ်မှု အခြေအနေများ၊ ပဋိပက္ခကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် ပတ်သက်၍ သုတေသနများပြုလုပ်ခြင်းနှင့် သင်တန်းများပေးခြင်း လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ CDNH သည် ပြည်သူ့နီတိစာအုပ်များကို မူလတန်းမှ အထက်တန်းအထိ (သူငယ်တန်းမှ ဒသမတန်း အထိ) ကျောင်းသားကိုင် ၁၁ အုပ်၊ သူငယ်တန်းဆရာ လမ်းညွှန်တစ်အုပ်၊ မူလတန်းဆရာ လမ်းညွှန်တစ်အုပ်၊ မူလတန်းဆရာလက်စွဲ တစ်အုပ်၊ အလယ်တန်းဆရာလမ်းညွှန် တစ်အုပ်၊ အထက်တန်းဆရာလမ်းညွှန် တစ်အုပ်နှင့် ပြည်သူ့နီတိ ဘာသာရပ်သင်ကြားမှုကို လေ့လာသုံးသပ်ခြင်းစာအုပ် တစ်အုပ်၊ စုစုပေါင်း ၁၇ အုပ်တို့ကို ထုတ်ဝေ ထားကြောင်း၊ CDNH မှ ထုတ်ဝေထားသည့် ဖော်ပြပါ ပြည်သူ့နီတိ စာအုပ်များသည် အစိုးရအဖွဲ့အစည်းများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် လူ့ဘောင်အတွင်းရှိ ကိုးကွယ်ယုံကြည်မှုများနှင့် ပတ်သက်၍ လူငယ်များ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ ကမ္ဘာပေါ်ရှိ လူအများစု ကိုးကွယ်လျက်ရှိသော ဘာသာကြီး လေးဘာသာဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာများ၏ အခြေခံအကြောင်းအရာများကို တတိယတန်းနှင့် စတုတ္ထတန်း စာအုပ်များတွင် အကျဉ်းမျှထည့်သွင်း ဖော်ပြထားကြောင်း၊ ထိုသို့သောအကြောင်းအရာများ အားလုံးကို ခြုံငုံ ထည့်သွင်းရေးသားရာတွင်လည်း ပြည်သူ့နီတိရေးရာ ကျွမ်းကျင်သူများ၊ ပြည်သူ့နီတိသင်တန်းဆရာများ၊ သက်ဆိုင်ရာ ဘာသာရေးဆရာများနှင့် တိုင်ပင်ကာ အကြံဥာဏ်များကို ရယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့နောက် CDNH အနေဖြင့် ထုတ်ဝေခဲ့သည့် ပြည်သူ့နီတိစာအုပ်များကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များအား ပြည်သူ့နီတိသင်ကြားရေးတွင် ကိုးကားနိုင်သည့် စာအုပ်များအဖြစ်ဖြင့် လိုအပ်သလို အသုံးပြုနိုင် စေရန် တင်ပြဝေငှခဲ့ပြီး  CDNH မှထုတ်ဝေသော ပြည်သူ့နီတိစာအုပ်များကို မဖြစ်မနေအသုံးပြုရန် မည်သည့် ကျောင်း (သို့မဟုတ်)အဖွဲ့အစည်းကိုမျှ တိုက်တွန်းခြင်းမရှိခဲ့ကြောင်း ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။  # Eleven