ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံမေးမြန်းခြင်း လုပ်နေကြသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပြည်ခိုင်ဖြိုးအစိုးရတာဝန်ယူချိန်က စဖောက်ခဲ့သောလမ်းကြောင်းဖြစ် ပန်းတိုင်အထိရောက်အောင်သွားဖို့ ဆန္ဒအပြည့်အဝရှိသည်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို မီဒီယာမှတွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာတွင် ကြားဖြတ်ရွေးကောက်ပွဲ၊ ပူးပေါင်းဆောင်ရွက် မှု၊ ပစ်ခတ်လုပ်ကြံမှုနှင့်ပတ်သက်ပြီး လုံခြုံရေးအားနည်းသည်ဟု ဝေဖန်ပြစ်တင်နေမှုနှင့် ပါတီများပူးပေါင်းပြီး ထုတ်ပြန်ချက်ထုတ်ပြန်မှု စသည်များနှင့်ပတ်သက်သည့် ဥက္ကဋ္ဌဦးသန်းဌေး၏ မှတ်ချက်ပြုဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။
* ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရမယ်ဟု ယုံကြည်ပါသလား၊ ယုံကြည် ရင် ဘယ်အချက်အလက်တွေကြောင့် ဖြစ်ပါ သလဲ။
ကျွန်တော့်အနေနဲ့တော့ ဒီကြားဖြတ်မှာ ကျွန် တော်တို့ပါတီ အနိုင်ရမယ့်နေရာတွေ ပေါ်ပေါက် လာမယ်လို့ ယုံပါတယ်။ ဘာကြောင့်ယုံလဲလို့ မေး ရင်တော့ အထက်ကတင်ပြခဲ့သလိုပဲ ကျွန်တော် တို့ပြည်သူတွေ မညံ့ကြဘူးလို့ အခိုင်အမာယုံကြည် တဲ့အတွက်ပဲဖြစ်တယ်။
* လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းချက် အပေါ် ပူးပေါင်းဆောင်ရွက်မှုမရှိတာ ဘာ ကြောင့်ပါလဲ။
ကျွန်တော်တို့ကို ပူးပေါင်းဆောင်ရွက်မှုမရှိဘူး လို့ ပြောရင်တော့ မှားတယ်လို့ငြင်းပါတယ်။ ဒီ နေရာမှာ တစ်ချက်သတိထားဖို့က အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာ ကျွန်တော်တို့ကာလ၊ ကျွန်တော်တို့တွေ အစိုးရတာဝန်ယူတုန်းက စပြီး ဖောက်ခဲ့တဲ့ လမ်းကြောင်းဖြစ်ပါတယ်။ အဲဒီတုန်း က အရှိန်အဟုန်နဲ့ အားကောင်းမောင်းသန်သွားခဲ့ တဲ့လမ်းကြောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ စဖောက်တဲ့လမ်းကြောင်းကို ပန်းတိုင်အထိအောင် ရောက်ဖို့ ကျွန်တော်တို့မှာ ဆန္ဒအပြည့်အဝ ရှိပါ တယ်။ တစ်ချက်ပဲ နားလည်ထားဖို့က ဒီကနေ့ ကျွန်တော်တို့က အစိုးရမဟုတ်ဘူး။ ကျွန်တော်တို့ အခြေအနေဟာ အစိုးရက အစည်းအဝေးခေါ်မှ သွားလို့ရတဲ့အခြေအနေဆိုတာ နားလည်ထားသင့် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ လက်ရှိအစိုးရက ဆက်ပြီးတော့ တာဝန်ယူလုပ်နေတဲ့ အဲဒီငြိမ်းချမ်း ရေးနဲ့ပတ်သက်တဲ့ ကဏ္ဍအသီးသီးမှာ ကျွန်တော် တို့ကိုနေရာပေးရင် ကျွန်တော်တို့လူတွေကို ထည့် သွင်းဖွဲ့စည်းမယ်ဆိုရင် ကြိုက်တဲ့နေရာမှာပေး အကုန်ပါမယ်။ အခုလည်း ထည့်ထားတယ်။ ကျွန်တော်တို့ဆီက ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်စိုး တို့ ဒေါက်တာအောင်မြတ်ဦးတို့ အကုန်လုံးက UPDJC မှာပါတယ်။ အလားတူပဲ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေမှာဒေသက ကျွန်တော့်တို့ပါတီက လူတွေကို ထည့်ထားတယ်။အစည်းအဝေးရှိတိုင်း ကျွန်တော်တို့လူတွေ အပျက်အကွက်မရှိ လုံးဝ ပူးပေါင်းတယ်။ ဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုးက ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ဆိုရင်တော့ ဒါလေး ကို ကျေးဇူးပြု၍မှားတယ်လိုပဲပြောပြချင်ပါတယ်။
* လေဆိပ်ပစ်ခတ်လုပ်ကြံမှုတွေနဲ့ပတ်သက်၍ လုံခြုံရေးအားနည်းမှုကို အကြောင်းပြပြီး လက်ရှိအစိုးရကို ဝေဖန်ပြစ်တင်တာဟာ တရားမျှတပါသလား။ ဘာလို့လဲဆိုတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး တပ်မတော်ကခန့် ထားတဲ့ ပြည်ထဲရေးနဲ့ နယ်စပ်ဒေသလုံခြုံရေး ဝန်ကြီးဌာနကပဲ တာဝန်ယူထားတဲ့အပေါ် အမြင်သိချင်ပါတယ်။
လေဆိပ်မှာ ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက် ပြီးတော့ လက်ရှိအစိုးရကိုဝေဖန်ပြစ်တင်သံတွေကို ကျွန်တော်လည်းသတိပြုမိပါတယ်။ ပြည်ထဲရေး နဲ့နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတဲ့ တပ်မတော်အရာရှိကြီးတွေက ဝန်ကြီးအဖြစ် တာဝန်ယူတာ ဒီအစိုးရလက်ထက်မှမဟုတ်ပါ ဘူး။ အရင်အစိုးရကာလထဲက ဒီအခြေခံဥပဒေနဲ့ ဖွဲ့စည်းပုံအတိုင်း စီမံခန့်ခွဲတာပါ။ ဒီနေရာမှာ ကျွန်တော်တို့အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ဆိုတဲ့ ပုဒ်မ-၂၃၂(ခ) အပိုဒ်ခွဲငယ် (၂)အဲဒီမှာ ရေးထားတာလေး ဘယ်လိုရေးထားလဲဆိုရင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော် သည့် တပ်မတော်သားများ၏အမည်စာရင်းကို ရယူရမည်။ ဒါပါပဲ အခြေခံဥပဒေအရဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်မယ့်ပုဂ္ဂိုလ်တွေကိုအစိုးရ အဖွဲ့ခေါင်းဆောင်လုပ်မယ့်သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ထံက တောင်းပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က သင့်တော်တဲ့ပုဂ္ဂိုလ်တွေကို နာမည် စာရင်းပေးပါတယ်။ အဲဒါလွှတ်တော်ကအတည် ပြုရင် အဲဒီဝန်ကြီးဌာနတွေမှာ ဝန်ကြီးဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စုဝန်ကြီး ဖြစ်သွားတာနဲ့ တစ်ပြိုင်တည်း သူတို့ဟာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာမဟုတ်ပါဘူး။ သမ္မတဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ ကွပ်ကဲမှုအောက် သူတာဝန်ပေးတဲ့အတိုင်း သူ့ရဲမူဝါဒတွေအတိုင်း အကောင်အထည် ဖော်ရတာဖြစ်ပါတယ်။ ဒါ ကြောင့်တပ်မတော်သားဝန်ကြီးတွေ လုပ်နေတဲ့ အတွက် အစိုးရအဖွဲ့က ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင် ခြင်းမရှိဘူးဆိုတဲ့ အမြင်ဟာလည်း မဟုတ်ပါဘူး လို့ ပြောချင်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပဲ ဒီဖွဲ့စည်းပုံနဲ့ပဲ ပြီးခဲ့တဲ့ ငါးနှစ်တာကာလတုန်း က ဒီလိုပဲစခန်းသွားခဲ့ကြတာပဲ။ အဲတော့ ဟိုတုန်း ကရှိခဲ့တဲ့ တည်ငြိမ်အေးချမ်းမှုတွေ ဟိုငါးနှစ်တာ ကာလမှာဖြစ်ပွားခဲ့တဲ့ မလုံခြုံမှု ရာဇဝတ်မှုဆိုတဲ့ ပြစ်မှုတွေနဲ့ ဒီဘက်ကာလမှာဖြစ်တဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးဆိုးလုယက်မှုစသည်အားဖြင့် အထွေ ထွေရာဇဝတ်ပြစ်မှုတွေ၊ ဘယ်တုန်းကနည်းသလဲ။ ဘယ်တုန်းကများသလဲ ဒါကို ချင့်ချိန်ကြည့်ရင် ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ဒါဟာဝန်ကြီးဌာန တွေ တပ်မတော်သားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင် ဘူး။ ကိုင်တွယ်တဲ့အစိုးရရဲ့ အရည်အချင်းပေါ်မှာ ပဲ မူတည်တယ်လို့ ဒီလိုသုံးသပ်လို့ ရပါတယ်။
* ပါတီ ၁၅ ခုပူးပေါင်းပြီး ထုတ်ပြန်ချက်တစ် စောင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ် က ထုတ်ပြန်ခဲ့ပါတယ်။ တချို့ပါတီတွေက သူတို့မဝင်ထားဘဲနဲ့လို့ ငြင်းဆိုတယ်။ အဲဒီ အပေါ်မှာ ဘာများပြောချင်သလဲ။
အဲဒါက ဒီလိုဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲက ကျွန်တော်ကိုယ်တိုင် ဒီပါတီတွေနဲ့ တွေ့ပြီးတော့မှ ဖြစ်နေတဲ့ နိုင်ငံသားတွေရင်ဆိုင်နေရတဲ့ကိစ္စတွေ ကျွန်တော်တို့ ဆွေးနွေးကြတာပဲ။ ဒီနိုင်ငံရေးပါတီ တွေ ပေါင်းပြီးတော့ ခုလိုအမြင်လေးတွေ ဖလှယ် ကြတာ။ သဘောတူညီမှုရပြီဆိုရင် ပူးပေါင်းလက် မှတ်ထိုးပြီးတော့ ကြေညာချက်တွေ ထုတ်တာ ဒါ ပထမအကြိမ်မဟုတ်ပါဘူး။ အကြိမ်တော် တော်များခဲ့ပြီ။ အဲဒီအကြိမ်တိုင်းမှာ ကျွန်တော် ကတော့ Organize လုပ်တဲ့ပါတီဖြစ်တော့ အမြဲ တမ်းအခမ်းအနားမှာ စစပြီးတော့ ပြောပါတယ်။ ပြောတဲ့အကြိမ်တိုင်းမှာလည်းပဲ အခုကဲ့သို့ စုပေါင်း တွေ့ဆုံခြင်းဟာ အဲဒီပါတီများကို ပြည်ခိုင်ဖြိုးက Influence လုပ်ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ ခေါင်း ဆောင်နေရာကို ကျွန်တော်လိုချင်လို့မဟုတ်ဘူး။ ရင်ဘတ်ချင်းတူတဲ့သူတွေလာစုဆွေးနွေးတာပဲဖြစ် တယ်။ ဒီထဲမှာ ကြိုက်တာဆွေးနွေးလို့ရတယ်။ ကျွန်တော်တို့ ပိတ်ပင်ထားတာမရှိဘူး။ ဆွေးနွေး ချက်တွေအပေါ်မှာ သဘောတူရင် လက်မှတ်ထိုး မတူရင် ပြန်သွားလို့ရတယ်။ ဘယ်သူ့ကိုမှ ကျွန် တော်တို့ စိတ်မကွက်ဘူး။ အဲဒီစကား အမြဲတမ်း ပြောတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ တွေ့ဆုံ ခြင်းဟာ မည်သူကိုမှ နိုင်ငံရေးအမြတ်ထုတ်ဖို့ လည်း မရည်ရွယ်ဘူး။ ဒါ စိတ်ရင်းအမှန်။ နောက် တစ်ခုက အဲဒီနေ့က ဖြစ်တဲ့ကိစ္စမှာ ခင်ဗျားတို့ ဓာတ်ပုံတွေကို ပြန်ကြည့်ပါ။TNLA ကိုယ်စား လှယ်တစ်ကယ်တက်ပါတယ်။ ကျွန်တော်နဲ့လည်း စကားပြောပါတယ်။ ဆွေးနွေးပွဲမှာလည်း ကိုယ် တိုင်ဝင်ပြီးတော့ သူဆွေးနွေးသွားပါတယ်။ လက် မှတ်ထိုးဖို့အခြေအနေကျတော့ သူပြောသွားပါ တယ်။ သူ့နာမည် ကျွန်တော်ထုတ်မပြောတော့ ပါဘူး။ သူ ဘာပြောသွားသလဲဆိုတော့ သူက ပါတီကလွှတ်လိုက်တဲ့ ပုဂ္ဂိုလ်ပါ။ သို့သော် ရန်ကုန် မှာနေတဲ့သူဖြစ်ပါတယ်။ ဒီအတွက် ဆုံးဖြတ်ချက် တွေလက်မှတ်ထိုးမယ်ဆိုရင်တော့ သူ့ကိုကော်မတီ လူကြီးတွေဆီ ပြန်တင်ပြပြီးတော့ ဟိုကခွင့်ပြုမှ ထိုးလို့ရပါမယ်။Ok ခင်ဗျား အဲ့တော့မှ ထိုးပါ။ မထိုးနိုင်လည်း ပြဿနာမရှိဘူး။ ကျွန်တော်ဒီ အတိုင်းပဲပြောခဲ့တယ်။သို့သော်တကယ်လက်မှတ် ထိုးတဲ့အချိန်မှာကျတော့ သူနဲ့နာမည်ဆင်တူတဲ့ လူတစ်ယောက် ဒီထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်က ဝင်ပြီးတော့ ထိုးသွားတယ်။ အဲ့တာ ကျွန်တော် မသိလိုက်ဘူး။ ဒါပြောလို့ရှိရင်တော့ ကျွန်တော့် Stuff တွေရဲ့ အားနည်းချက်လို့ပြောလို့ရပါတယ်။ ဒီကိစ္စကို ပါတီနဲ့ရော အဲဒီပုဂ္ဂိုလ်နဲ့ရော အကြေ အလည် ဆွေးနွေးပြီးဖြစ်ပါတယ်။ ဖေဖော်ဝါရီ လဆန်းထဲမှာ ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီနဲ့ တအာင်း(ပလောင်)အမျိုးသားပါတီတို့ ပူးတွဲ သဘောထားထုတ်ပြန်ချက်တောင် ကြေညာခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ဒီမှား ယွင်းချက် အားနည်းချက်ကလေးကို ပွင့်ပွင့်လင်း လင်းပဲ တောင်းပန်လိုက်တယ်လေ။ ကိုယ်လူတွေ ကိုယ့် Stuff တွေရဲ့ အားနည်းချက်ဖြစ်သွားတယ်။ နောက်ဆိုရင်တော့ သတိထားရမယ်။ သေချာတာ ကတော့ ကျွန်တော်တို့ဟာ ခုနကလိုပေါ့။ လာကြ ပါ။ ဝိုင်းကြပါ။ တို့ဆီမှာ ဝိုင်းလက်မှတ်ထိုးပေး ပါ။ ဒီလိုမျိုးအမြတ်ထုတ်ရန်အကြောင်းမရှိပါဘူး။ နောက်ထပ်လည်း ဒီအလုပ်တွေလုပ်ဦးမှာပါပဲ။ ဒီလိုပဲ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောချင်ပါ တယ်။ (ဆက်လက်ဖော်ပြပါမည်)