ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ ဆုံမေးမြန်းခြင်း တည်ဆဲဥပဒေကို မျက်ကွယ်ပြုသည့်လုပ်ရပ်မျိုး အမျိုးဂုဏ် ဇာတိဂုဏ်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား နစ်နာ မည့်ကိစ္စမျိုးဆို ရင် ထောက်ပြမည်

 

ပထမဆုံးပြောချင်တာကတော့ ခုလိုလာရောက်မေးမြန်းမှုကို ကျေးဇူးတင်တယ်။ ဘာကြောင့်လဲဆိုတော့ အချိန် ကာလတစ်ခုမှာ မီဒီယာအားလုံးက တစ်ဖက်သတ် ရေးကြပြုကြတဲ့ကာလတစ်ခုက တကယ်ပဲရှိခဲ့တယ်လေ။ အခုတော့ ဘာပဲဖြစ်ဖြစ် အထိုက်အလျောက် အစိုးရမဟုတ်တဲ့ အင်အားစုတွေ ကိုလည်း ပြန်လှည့်ကြည့်လာတဲ့ အတွက် ပလက်ဖောင်းလေးပေးလာ တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက် အခုလိုလာမေးတာကိုပဲ အထူး ကျေးဇူးတင်တယ်။

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ဖြစ်ပြီးတဲ့နောက် အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်လို့ ဝေဖန်လာတာတွေ့တယ်။ ဘယ်အချက်တွေကအာဏာရှင် ဆန်တဲ့ လုပ်ရပ်တွေလဲဆိုတာ သိချင်ပါတယ်။

ဒါနဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်တစ်စုံတစ်ယောက်ကို နာမည် တပ်ပြီးတော့ အာဏာရှင်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ အဲဒါက တစ်အချက်။ နောက်တစ်ခုက ကျွန်တော်တို့ကိုယ်တိုင် အစိုးရဖွဲ့ပြီးတော့ တိုင်းပြည်ကို စီမံခန့်ခွဲမှု တွေလုပ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့အစိုးရ တာဝန်ယူ စဉ်ကာလတုန်းက ဒီမိုကရေစီ စီမံခန့်ခွဲရေး မဏ္ဍိုင် သုံးခုဖြစ်တဲ့ အုပ်ချုပ်ရေး နဲ့ပတ်သက်တဲ့ အစိုးရ၊ ဥပဒေပြုရေးနဲ့ပတ်သက်တဲ့ လွှတ်တော်၊ တရား စီရင်ရေးမဏ္ဍိုင်ကို တာဝန်ခံရတဲ့တရားရုံးချုပ် အဲဒီ institution သုံးခုက ကိုယ့်ကဏ္ဍကိုကိုယ် ပိုင်ပိုင်နိုင်နိုင် လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ပြီးတော့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းဆိုတဲ့ တာဝန်ကို ပီပီပြင်ပြင် အကောင် အထည်ဖော်နိုင်ခဲ့တယ်လို့ ယုံကြည်တယ်။ လူတွေအားလုံးလည်း ဒီအခြေအနေကို နားလည်ပါတယ်။ ဒီနေ့တော့ အဲဒီမဏ္ဍိုင်သုံးရပ်ရဲ့ အပြန်အလှန်ထိန်းကျောင်းနိုင်မှု ကျွန်တော်တို့ကာလနဲ့ယှဉ်ရင် အရင် အတိုင်းပဲလား ယခင် ငါးနှစ် တာကာလနဲ့တူသေးလား။ သို့မဟုတ် ပိုပြီးတော့ အားကောင်းလာလား။ သို့မဟုတ် ထိန်းကျောင်းနိုင်မှု အားပျော့သွားပြီလား။ အဲဒါ မျက်စိဖွင့်ကြည့်ရင် လူတိုင်းသိနိုင်တဲ့ ကိစ္စလို့ ယူဆပါတယ်။ ပြီးတော့ အဲဒီ အပြန်အလှန် ထိန်းကျောင်းရမယ့် မဏ္ဍိုင်သုံးရပ်ပေါ်မှာ ဒီနေ့ အဲဒီအပေါ်က ထိုင်ပြီး အဆုံးအဖြတ်ပေးနိုင်မယ့် ရာထူးတစ်ခုဖ န်တီးပြီးတော့ပေါ်ပေါက် လာတယ်။ ဒါလည်းလူတိုင်းသိပြီးသားပါ။ နောက်တစ်ချက် အစိုးရတွေ အခက်အခဲဖြစ်စေမယ့် မေးခွန်းမျိုးမမေးကြဖို့ လွှတ်တော်အမတ်တွေကို တားမြစ်တာ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့တင်ပြချက်တွေကို လျစ်လျူရှုပြီးတော့ ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေ ထုတ်ပြန်နေတယ်။ တည်ဆဲအခြေခံဥပဒေကပြဋ္ဌာန်းထားတဲ့ လုပ်ထုံး လုပ်နည်းတွေ၊ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တွေရဲ့ တာဝန်ကိုပစ်ပယ်ပြီး လုပ်ငန်းနယ်ပယ်အသီးသီး၊ ဒေသအသီးသီးမှာ တစ်ကိုယ်တော် ဆုံးဖြတ်ချက်တွေ ပြုနေတာဟာ အာဏာရှင်ပုံစံ စီမံခန့်ခွဲမှုကို ဦးတည်လာ တယ်လို့ ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော် ဒီစကားကို ဘယ်မှာပြော ခဲ့သလဲဆိုရင် လွန်ခဲ့တဲ့တစ်လကျော်က ဒီမှာလုပ်ခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးဖိုရမ်အဖွင့်မှာ ထည့်ပြီးတော့ပြောခဲ့တာပါ။ ဒီအတိုင်းပဲပြောခဲ့ပါတယ်။ အဲဒီပြောခဲ့တာတွေက ဒီနေ့အထိ လေလှိုင်းမှာ အွန်လိုင်းထဲမှာ ရှိနေဆဲပါပဲ။ အဲဒီရက်က သတင်းစာတွေပြန်ဖတ်ရင် ဒီအတိုင်းပဲတွေ့ ပါလိမ့်မယ်။ ဒါကြောင့် အချုပ်ကိုပြန်တင်ပြရရင်တော့ တစ်စုံတစ်ယောက်ကို နာမည်တပ်ပြီးတော့ အာဏာရှင် ဖြစ်တယ်လို့ မစွပ်စွဲခဲ့ဖူးဘူး။ မပြောခဲ့ဖူးဘူး။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန်တွေက အဲ့အတိုင်းဖြစ်နေပြီလို့ ကျွန်တော် ထောက်ပြရမယ့် ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ဝေဖန်ထောက်ပြခြင်းသာဖြစ်ပါတယ်လို့ ပထမဆုံး မေးခွန်းအနေ နဲ့ ဖြေပါတယ်။

ပြည်သူတွေက နိုင်ငံရေးဟာသတစ်ခုပြော နေကြတယ်။ NLD က မအုပ်ချုပ် တတ်ဘူး။ ပြည်ခိုင်ဖြိုးက အတိုက်အခံ မလုပ်တတ်ဘူးဆိုတာကို သုံးသပ်ပေးပါ။

ဒီနေရာမှာ ကျွန်တော်က ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဆိုတော့ ပြည်ခိုင်ဖြိုးပါတီက အတိုက်အခံ မလုပ်တတ်ဘူးဆိုတဲ့ ဝေဖန် ချက်ကို အရင်ဖြေချင်တယ်။ အရင်ရှင်းပြချင်တယ်။ ဒီလိုဆိုရင် ကျွန်တော်က ပြန်မေးမယ်။ အဲလိုဝေဖန်တဲ့ ပုဂ္ဂိုလ် တွေက အတိုက်အခံလုပ်ရပ်ဆိုတာ ဘာကိုပြောတာလဲ၊ သူတို့ ဘယ်လို နားလည်ထားသလဲ။ အတိုက်အခံလုပ် ခြင်းဆိုတာက ဘယ်အလုပ်ကိုလုပ်မှ ဘယ်စကားကိုပြောမှဖြစ်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ သတ်မှတ်ချက်ရှိသလား ကျွန်တော်က ပြန်မေးချင်တယ်။ ဒီလိုဆိုရင် ကျွန်တော်နားလည်ထား တဲ့ နိုင်ငံရေးလုပ်ငန်းဆိုတာ နိုင်ငံသား တွေရဲ့ဘဝ လုံခြုံအေးချမ်းရေး၊ စားဝတ်နေမှုပြေလည်ရေး၊ ဥပဒေက ပေးထားတဲ့ အခြေခံလူ့အခွင့်အရေးတွေ ကို ဥပဒေနဲ့ အညီရရှိခံစားနိုင်ရေးအတွက် ပရဟိတစိတ်ဓာတ် လူမှုရေး အခြေခံတဲ့လုပ်ဆောင်ချက်သာ နိုင်ငံရေး ဖြစ်တယ်။ ဒါက အာဏာရနိုင်ငံရေး ပါတီကလည်း အဲ့အတိုင်းလုပ်ရမယ်။ အတိုက်အခံ နိုင်ငံရေးပါတီကလည်း ဒီလမ်းကြောင်းအတိုင်း သွားရမယ်။ အဲလိုဖြစ်တဲ့အတွက် ဒီလိုယုံကြည်မှုဖြစ်တဲ့ အတွက် တစ်ကြောင်းပေါ့နော်။ နောက်တစ်ခုကလည်းပဲ ကျွန်တော်တို့ ကိုယ်တိုင် ကနဦးကတင်ပြခဲ့တဲ့ အစိုးရလုပ်ခဲ့ဖူးတယ်။ ကိုယ်တိုင် အစိုးရ တာဝန်ယူခဲ့ဖူးတဲ့အတွက် အစိုးရတစ်ရပ်ဟာ ဘာတွေလုပ်ရသလဲဆိုတာ ကျွန်တော်တို့ နားလည်တယ်ဗျ။ အဲဒါကြောင့် အတိုက်အခံဘဝကိုလဲ ရောက် သွားတတ်တယ်။ အတိုက်အခံဖြစ်သွားတယ်။ အစိုးရ လုပ်သမျှ ဆန့်ကျင် ဘက်ကြီးပဲလုပ်ဖို့ ပြောဖို့မရှိပါဘူး။ ကျွန်တော်တို့အစိုးရ တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ ဟောဒီနိုင်ငံနဲ့ ဟောဒီလူမျိုး ကောင်းစားရေးအတွက် လုပ်ဆောင်ချက်တွေ အမြောက်အမြားရှိပါတယ်။ တကယ်လည်း အဲဒီဟာ တွေက ဒီကနေ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ထင်ထင်ရှားရှား မှတ်မှတ်သားသား သက်သေပြနိုင်တာတွေ အများ ကြီးရှိတယ်။ ပြီးတော့မှ ကျွန်တော်တို့ အစိုးရကာလက လုပ်ဆောင်ချက်အားလုံးကို စာအုပ်ကြီးနဲ့ကို မှတ်တမ်း ပြုပြီးတော့ နောက်အစိုးရကို လွှဲပေးခဲ့တယ်။ စိတ်ဝင်စားလို့ရှိရင် ကျွန်တော်ထင်တယ် ပြန်ကြားရေး စာကြည့်တိုက် နဲ့ စာအုပ်ဆိုင်တွေမှာ ဝယ်လို့ရတယ်။ ငါးနှစ်တာကာလအတွင်း အစိုးရရဲ့ တကယ့်တိုင်းကျိုးပြည်ပြု လုပ်ရပ်တွေ။ အဲဒီလောက် နိုင်ငံနဲ့လူမျိုးအတွက် ကောင်းအောင် လုပ်ခဲ့ပေမယ့် ကျွန်တော်တို့အစိုးရ တာဝန်ယူတဲ့အချိန်မှာ ဘာပဲလုပ်လုပ် အပုတ်ချခံရတယ်။ အတိုက်အခိုက်ခံရတယ်။ ဆန့်ကျင်ဝေဖန်ခံရတယ်။ ဒီလိုဝေဖန်တဲ့အတွက်
ကျွန်တော်တို့တော့ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ ပုဂ္ဂိုလ်တွေအတွက် မခံစားဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်း တာက တိုင်းပြည်အတွက်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ရပ်တွေ၊ ပြုပြင် ပြောင်း လဲ ရေးလုပ်ငန်းတွေဟာ တစ်စုံတစ်ရာ နှောင့်နှေးမှုဖြစ်သွားတယ်။ ရပ်တန့်မှုတွေ ဖြစ်ခဲ့တယ်။ ဒါတိုင်းပြည်အတွက် မဖြစ်သင့်တဲ့ကိစ္စတွေ။ ဒါကြောင့်မို့ အစိုးရလုပ်သမျှကို ကန့်လန့်တိုက် အပြစ်ပြောတဲ့ကိစ္စသည် အတိုက်အခံ ကောင်းရဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကျွန်တော်က ယုံကြည်တယ်။ အဲဒါကျွန်တော်တို့ ယုံကြည်ချက်ပဲ။ ဒီကနေ့ ကျွန်တော်တို့ အတိုက်အခံ လို့ပြောလို့ ရပါပြီ။ ဒီလို အခြေအနေမျိုးမှာရောက်နေတာတောင်မှပဲ လူထုဆင်းရဲ ကျပ်တည်းပြီးတော့ ဆူဆူပူပူတွေဖြစ်မှ အာဏာရအစိုးရ ဒုက္ခရောက်ပြီး အစိုးရသစ်တစ်ရပ် နေရာရမယ်ဆိုတဲ့ အတွေးမျိုး၊ လုပ်ရပ်မျိုးကျွန်တော်တို့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ တည်ဆဲဥပဒေကို မျက်ကွယ်ပြုတဲ့ လုပ်ရပ် မျိုး၊ အမျိုးဂုဏ်ဇာတိဂုဏ်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနစ်နာမယ့်ကိစ္စမျိုး ဒါမျိုးဆိုရင်တော့ ကျွန်တော်တို့ ထောက်ပြမယ်။ ပြောဆိုမှုတွေလုပ်မယ်၊ လုပ်လည်းလုပ်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့လည်း လုပ်ဖို့ရှိပါတယ်။ နောက်တစ်ခုကတော့ မိမိနဲ့ဆန့်ကျင်ဘက် အဖွဲ့အစည်းဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် တာမျိုး၊ ဗန်းစကားနဲ့ပြောရရင်တော့ နိုင်ငံရေးအောက်လုံးထိုးတာပေါ့။ အဲဒီလိုမျိုး ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာမဖြစ်စေချင်ဘူး။ အဲတော့ ဒီလိုလုပ်ရပ်မျိုးကို ကျွန်တော်တို့ ရှောင်ပါတယ်။ နောက်တစ်ခုက မြန်မာ့ နိုင်ငံရေးမှာ သင်ခန်းစာယူရမယ့် သမိုင်းဆိုးတွေ တကယ်ရှိခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ နိုင်ငံလွတ်လပ်ရေးရခဲ့တယ်။ အဲဒီလွတ်လပ်ရေးရပြီးတဲ့နောက် ကျွန်တော်မှားရင် မှားမယ်။
ဟောဒီ အရှေ့တောင်အာရှ ဒေသအတွင်းမှာ ဒီမိုကရေစီကို နဖူးတွေ့ဒူးတွေ့ စပြီးလက်ရှိကျင့်သုံးခဲ့တာ မြန်မာနိုင်ငံက အစောဆုံးကျင့်သုံးတဲ့အထဲမှာပါတယ်။ သို့သော်လည်းပဲ ခုနကပြောတဲ့နိုင်ငံရေး လှုပ်ရှားမှု၊ အာဏာ မရတဲ့သူက အာဏာရတဲ့သူကို အပုတ်ချတယ်၊ တိုက်ခိုက်တယ်။ တကယ်လုပ်ရမယ့် နိုင်ငံတော်နဲ့နိုင်ငံသား အကျိုးစီးပွားဆိုတာ နောက်ရောက်သွားပြီးတော့ ပုဂ္ဂိုလ်တွေ၊ ပါတီအရေးတွေ ရှေ့တန်းကို တအားရောက်လာ တဲ့အခါမှာ ဒေသအတွင်းမှာ အစောဆုံးကျင့်သုံးခွင့်ရတဲ့ ဒီမိုကရေစီဟာ မရှုမလှ ကျဆုံးသွားတယ်။ ဒါ ဒီခေတ် စာဖတ်တဲ့သူတိုင်း နားလည်တဲ့ကိစ္စဖြစ်တယ်။ ဒီနေ့ ကျွန်တော်တို့ကာလမှာ အဲလိုမဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အမြဲတမ်းပြောခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လှုပ်ရှားမှု၊ သိက္ခာရှိတဲ့ မှန်ကန်တဲ့ ဝေဖန် ထောက်ပြမှုတွေလုပ်ရင်းနဲ့ အစိုးရကို ထိန်းညှိတဲ့တာဝန်ကို ထမ်းဆောင်သွားမယ်လို့ပြောလိုပါတယ်။ ဒါကတော့ စောစောက ပြည်ခိုင်ဖြိုးအတိုက်အခံ မလုပ်တတ်ဘူးဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့ ရပ်တည်ချက်ကို ရှင်းလင်းတင်ပြ ခြင်းဖြစ်ပါတယ်။ နောက် NLD က မအုပ်ချုပ်တတ်ဘူးဆိုတဲ့အပေါ်တော့ ကျွန်တော့် တစ်ဦးအချင်းအနေနဲ့ ဘာမှ ဝေဖန်ချက်ပေးစရာမရှိပါဘူး။ တစ်ခုပဲ ကျွန်တော်ယုံကြည်တာက ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးဟာ လူညံ့တွေ မဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့် သူတို့ဘာသာသူတို့ပဲ ဝေဖန်ပိုင်းခြား ဆုံးဖြတ်ကြ လိမ့်မယ်။ ကျွန်တော့်အနေနဲ့ ကတော့နိုင်ငံရေးပါတီတစ်ခုကို တာဝန်ယူ ထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အမျိုးဘာသာ မပျောက်ပျက်ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်း ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စ တွေနဲ့ပတ်သက်လို့ ပြောစရာရှိတဲ့ကိစ္စတွေဟာ ပြောလည်းပြောထားပြီးဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပြောစရာ ဝေဖန်ထောက်ပြစရာရှိတာ ကိစ္စတွေကို ထောက်ပြသွားမှာဖြစ်ပါတယ်လို့ ဖြေကြားချင်ပါတယ်။

အခြားနိုင်ငံရေးပါတီတွေ ပူးပေါင်းပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးမျိုးတွေ၊ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ရာထူးမျိုးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ ဒီအတွက် ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒပိုင်း ခံယူချက်ကိုသိချင်ပါတယ်။

ကျွန်တော်တို့ကြေညာချက်ထဲမှာ ပြန်ကြည့်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး၊ လုံခြုံရေးအကြံပေးအရာရှိ ရာထူးတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီဘူးလို့ ကြေညာချက်ထဲမှာ မပါပါဘူးခင်ဗျ။ အခု ဖေ့စ်ဘုတ်ထဲမှာ ဖွင့်ကြည့်လိုက်ရင် ရှိပါတယ်။ ဒါတွေက အကုန်လုံးကို ရှင်းရှင်းလင်းလင်း Declare လုပ်ထားတာ။ အစမ်းသပ်ခံနိုင် အစစ်ဆေးခံနိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက်ထိအောင် ကိုယ့်စကားကိုကိုယ် တာဝန်ယူ သလဲဆိုရင် ပြီးခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဖိုရမ်မှာ အဖွင့်စကားပြောပါတယ်။ အဲဒီထဲမှာ ဘာထည့်ပြောသလဲဆိုတော့ အခုမီဒီယာတွေအားလုံးကို ဖိတ်ထားတယ်။ ခင်ဗျားတို့ အစအဆုံး လွတ်လွတ် လပ်လပ် သတင်းယူပါ။ အစအဆုံး TV ရိုက်ထားလို့လဲ ရတယ်။ ပြီးရင်လည်း ကြိုက်သလိုသာ ထုတ်ပြန်ကြ။ ကျွန်တော်လည်း ကျွန်တော့်ဟာကျွန်တော် တစ်လုံးမကျန်ပြောတဲ့ဟာတွေ မှတ်တမ်းတင်ထားတယ်။ ဒီအတိုင်း လုပ်ခဲ့တာ။ ဒါကြောင့် ကျွန်တော်ပြောတဲ့စကားတွေ ခုအထိ လေလှိုင်းထဲမှာရှိတယ်။ ဒါပါပဲ ဒီအတိုင်းပဲ ကျွန်တော် တို့ ထုတ်ပြန်တဲ့ Statement တွေဟာ ကျွန်တော့်ဖေ့စ်ဘုတ်က ကျွန်တော့်အကောင့်က နောက် ပြည်ခိုင်ဖြိုး အကောင့်က Page က အကုန်လုံး အထဲမှာရှိတယ်။ ဒီအလုပ်တွေဟာ အခြေခံ ဥပဒေနဲ့မညီဘူးလို့ ဖော်ပြထား ခြင်းမရှိပါ။ သို့သော် သေချာတာတစ်ခုကတော့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေဆိုတဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိစပြီးတော့ ဥပဒေပြဋ္ဌာန်းစဉ်ကတည်းက လွှတ်တော်မှာ အချေအတင် အငြင်းပွားခဲ့ကြတဲ့ ကိစ္စတွေ ဖြစ်တယ်။ အလားတူပဲ လူထုကြားထဲမှာလည်း အခုအထိ ဒါဟာညီခြင်းမညီခြင်း အငြင်းပွားဆဲပဲ။ ဆိုတော့ ဒီလိုအငြင်းပွားမှုတွေ ပေါ်ပေါက်လို့ရှိရင် အဆုံးအဖြတ်ပေးရမယ့်အဖွဲ့အစည်းက အခြေခံဥပဒေဆိုင်ရာခုံရုံး။ အဲဒီ ဥပဒေနဲ့ပတ်သက်လို့ ဒီနေ့အထိ ခုံရုံးကိုတင်ပြခြင်းရှိမရှိ ကျွန်တော်မသိပါ။ ခုံရုံးရဲ့အဆုံးအဖြတ် ထွက်မလာတာ တော့သေချာတယ်။ ဟုတ်တယ်မလား။ ဒါကြောင့်မို့ ကိုက်ညီတယ် မကိုက်ညီဘူး ကျွန်တော်မပြောဘူး။ လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာရော အငြင်းပွားဆဲကိစ္စဖြစ်တယ်။ ဒီလိုပဲ ကျွန်တော်သုံးတဲ့ ဝေါဟာရ ကိုက အခြေခံဥပဒေနဲ့ ကိုက်ညီခြင်းမရှိဟုအငြင်းပွားတဲ့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တယ်လို့ ဒီလိုပဲပြောပါတယ်။ အငြင်း ပွားတာကိုပြောတာ ကျွန်တော်ကမညီဘူးလို့ ဒီလိုပြောခြင်းမဟုတ်ဘူး။ ဒီလောက်ဆိုနားလည်ပါပြီနော်။

(ဆက်လက်ဖော်ပြပါမည်)