ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး စက္ခုဒါနဆေးရုံကြီး တည်ထောင်ခြင်း တစ်နှစ်မြောက်နှင့် အခမဲ့မျက်စိကုသရေး အစီအစဉ် လေးနှစ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ဖေဖော်ဝါရီ (၂၆) ရက် နေ့ညနေပိုင်းတွင် သာကေတ မြို့နယ်ရှိ အောင်စင်္ကြာပရမေတ္တာစက္ခုဒါနဆေးရုံကြီးတည်ထောင်ခြင်း တစ်နှစ်မြောက်၊ အခမဲ့မျက်စိကုသရေး အစီအစဉ် လေးနှစ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ အောင်စင်္ကြာပရမေတ္တာ စက္ခုဒါနဆေးရုံကြီး ၏ ဦးဆောင်နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒသီရိက သြဝါဒစကား ချီးမြှင့်ပြီး ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယက ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက ဂုဏ်ပြုစကားနှင့်တကွ စက္ခု ပါလာဒိဖောင်ဒေးရှင်း၏ မျက်စိခွဲစိတ် ကုသပေးမှု အတွေ့အကြုံများကို ပြောကြားခဲ့သည်။

ထို့နောက် အောင်စင်္ကြာပရမေတ္တာစက္ခုဒါနဆေးရုံကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့် နှုတ်ခွန်း ဆက်စကားပြာကြားပြီး အတွင်းရေးမှူး ဦးမင်းဆွေက ဆေးရုံ၏ဆောင်ရွက် ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အဆိုပါ ဆေးရုံတွင် မျက်စိခွဲစိတ်ကုသပေးခဲ့သော ဆရာဝန်ကြီးများ အား ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းမှ အောင်စင်္ကြာ ပရမေတ္တာစက္ခုဒါန ဆေးရုံကြီးအတွက် လှူဒါန်း သော အလှူငွေကျပ်သိန်း ၅ဝ ကို စက္ခုပါလာဒိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီးဒေါ်နီနီဝင်း တို့က ပေးအပ် လှူဒါန်းခြင်း၊ အခြားအလှူရှင်များမှ ကလည်း လှူဒါန်းခြင်း၊ မျက်စိခွဲစိတ်ကုသ ထားသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ အလှူရှင် ဧည့်သည်တော် များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ မျက်စိခွဲစိတ်ထား သူဦးရေ ၆ဝ ကျော်ကို ဦးဌေးဦး၊ အလှူရှင်များနှင့်တာဝန်ရှိသူများက မျက်မှန်များပေးအပ် လှူဒါန်းခဲ့ပြီး ဂုဏ်ပြုပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။