တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ် ပိုမိုတက်ကြွစွာ လှုပ်ရှားရန် စီစဉ်

တောင်တရုတ်ပင်လယ်ထဲတွင် အမေရိကန် ရေတပ်အနေဖြင့် ပိုမိုတက်ကြွစွာ လှုပ်ရှားသွားမည်ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့သည်။

 

မကြာသေးမီက USS Carl Vinson လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်သည့် ရေတပ်ဖွဲ့ တစ်ခုကို တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်လုပ်ငန်းများ ဆောင်ရွက်စေရန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စေလွှတ်ခဲ့သည်။ ယင်းသည် တရုတ်က ထိန်းချုပ်ရန် ကြိုးစားနေသည့် ဒေသအတွင်း အမေရိကန်က ပိုမို၍ တက်ကြွစွာ လှုပ်ရှားမှုများ ရှိနေမည့် သဘောထားဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက် ပေးခဲ့သည်။

Carl Vinson လေယာဉ်တင် သင်္ဘောကို ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စီးက ခြံရံစောင့်ရှောက် လိုက်ပါခဲ့သည်။ အဆိုပါ သင်္ဘောများသည် ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ တောင်တရုတ်ပင်လယ်ထဲတွင် ကင်းလှည့် ခုတ်မောင်းနေခဲ့ကြောင်း သိရသည်။ Carl Vinsonသည် ယခုတစ်ကြိမ် မတိုင်မီက အဆိုပါ ဒေသတွင် ၂၀၁၅ ခုနှစ်အတွင်း နောက်ဆုံး တာဝန်ထမ်းဆောင်ဖူးသည်။ ထိုစဉ်က မလေးရှား ရေတပ်၊ လေတပ်တို့နှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်သည့် ပင်တဂွန် အရာရှိက Carl Visonသည် တောင်တရုတ်ပင်လယ် ရေလမ်းကြောင်း၏ လွတ်လပ်စွာ လှုပ်ရှားခုတ်မောင်းခွင့်နှင့် ပတ်သက်၍ တာဝန်ယူရန် ရှိမရှိ မှတ်ချက် မပေးသော်လည်း ထိုဒေသရှိ အမေရိကန် ရေယာဉ်များကို စောင့်ရှောက်သွားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးနီးပါးကို ကြီးစိုးထိန်းချုပ်ရန် ကြံစည်နေရာ ဒေသတွင်း နိုင်ငံများနှင့် အခြေအတင် အငြင်းပွားမှုများ ရှိနေသည်။ တရုတ်ရေတပ်သည် ပင်လယ်ပြင်အတွင်းရှိ သန္တာကျောက်တန်းများ၊ သဲခုံများနှင့် ဆက်စပ်၍ ကျွန်းတုများ ဖန်တီးတည်ဆောက်ကာ အခြေစိုက် စခန်းများအဖြစ် ပြင်ဆင်ခဲ့ခြင်းကြောင့် ဒေသတွင်း တင်းမာမှု ပိုမိုမြင့်တက်လာခဲ့သည်။ နောက်ဆုံးရရှိသည့် ဂြိုဟ်တု ပုံရိပ်များ အရ တရုတ်ရေတပ်သည် ယင်းအခြေစိုက် စခန်းများတွင် ဝေဟင်ပစ် ဒုံးကျည်များ ဖြန့်ကျက်ရန် စတင်လုပ်ဆောင်နေပြီဟု ယုံကြည်ရကြောင်းလည်း သိရှိရသည်။

Ref: CNN