ပဲခူးတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ငူမြို့တွင် ပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တောင်ငူမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပဲခူးတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့မှ ကိုယ်စားလှယ်ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။

‘‘ပဲခူးတိုင်း အရှေ့ခြမ်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှိတယ်။ NCA လက်မှတ်ထိုးထားပြီးသား နယ်မြေဖြစ်တယ်။ အဲဒါကြောင့် အဲဒီနယ်မြေမှာ ကျင်းပတာ’’ ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွှဲဝင် ဦးအောင်စိုး က ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက်၊ ဒေသအလိုက်နှင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်) ဟူ၍ ကျင်းပနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က သတ်မှတ်ထားသည်။

ဒေသအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီအလိုက် ခံစားသင့် ခံစားထိုက်သော အခွင့်အရေးနှင့် လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေးကိစ္စရပ်များ၊ ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝ သယံဇာတစီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ကြောင်း UPDJCက သတ်မှတ်ထားသည်။

လက်ရှိတွင် ကရင်နှင့် ပအိုဝ်းလူမျိုးများ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ဒေသ အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (တနင်္သာရီ)တို့ ကျင်းပပြီးဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို မတ်လအတွင်း ကျင်းပနိုင်ရေး UPDJC တွင် ညှိနှိုင်းနေရာ ယင်းညီလာခံမတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)၊ နေပြည်တော်၌ ကျင်းပမည့် ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်နှင့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ပဲခူး) တို့ကို ကျင်းပမည်ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP)နှင့် ရှမ်း လက်နက်ကိုင်အဖွဲ့ (RCSS) တို့ကလည်း လူမျိုးအလိုက် ဆွေးနွေးပွဲကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ သို့ရာတွင် ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အဆင်သင့် မဖြစ်ဟုဆိုကာ UPDJC က ခွင့်မပြုသေးပေ။

# 7 Day Daily