ထိုင်ဝမ်သားတွေကို တရုတ်ကိုလွှဲပို့မယ့် စပိန်ရဲ့ဆုံးဖြတ်ချက် ထိုင်ဝမ် စိတ်မကောင်းဖြစ်

ဆက်သွယ်ရေးလုပ်ငန်းလိမ်လည်မှုနဲ့ သံသယရှိသူ ထိုင်ဝမ်လူမျိုး ၂၀ဝ ခန့်ကို တရုတ်ပြည် လွှဲပြောင်းပေး တော့မယ့် စပိန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ထိုင်ဝမ်ကပြောကြား လိုက်ပါတယ်။

 


မက်ဒရစ်နဲ့ ဘာစီလိုနာအပါအဝင် စပိန်မြို့တွေ အတော်များများကနေ လုပ်ဆောင်နေတဲ့ အင်တာနက် လိမ်လည်မှု ကွင်းဆက်အမှုကို နှစ်ရှည်စုံစမ်းခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၂၆၉ ဦးကို မူလနိုင်ငံ ပြန်လည် ပို့ဆောင်ရေး ခွင့်ပြုလိုက်ပြီလို့ စပိန်အစိုးရက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သံသယရှိသူတွေထဲက ၂၀ဝ ခန့်ဟာ ထိုင်ဝမ်လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ထိပါးစေပြီး လူ့အခွင့်အရေးကို အလေးထားတဲ့ ဥရောပ သမဂ္ဂနိုင်ငံတွေရဲ့ အလေ့အထကို လျစ်လျူရှုတဲ့ စပိန်အစိုးရရဲ့ ဆုံးဖြတ်ချက်အတွက် ထိုင်ဝမ်အနေနဲ့ စိတ် မကောင်း ဖြစ်မိတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စပိန်ရဲ့လုပ်ရပ်ဟာ အင်တာနက်ကတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုနဲ့ သံသယရှိတဲ့ ပြည်ပရောက် ထိုင်ဝမ် လူမျိုးတွေကို တရုတ်နိုင်ငံသားတွေနဲ့အတူ တရုတ်ပြည်မကြီးကို ပြန်ပို့တဲ့ နောက် ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကင်ညာ၊ ကမ္ဘောဒီးယားနဲ့ အာမေးနီးယားတို့ကနေ လိမ်လည်မှုနဲ့ သံသယရှိသူ ထိုင်ဝမ်တွေကို တရုတ်ပြည်လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။

အခုသံသယရှိသူတွေကိုတော့ စပိန်ကနေ နိုင်ငံလွှဲပြောင်း မပို့ဆောင်ရသေးသလို စပိန်မှာရှိနေတဲ့ ထိုင်ဝမ် ကိုယ်စားလှယ်တွေက လွှဲပြောင်းခံရမယ့် ထိုင်ဝမ်လူမျိုးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ထိုင်ဝမ်မှာရှိတဲ့ တရားရေး အာဏာပိုင်တွေ၊ ရဲတွေနဲ့ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
Kumudra