အာစင်ဝင်းဂါး၏ အနာဂတ်ကို ရာသီကုန်တွင် ဆုံးဖြတ်မည်

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ် ကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်ကို ရာသီကုန်မှသာ ဆုံးဖြတ်မည်ဖြစ်သဖြင့် ယခုနှစ်နွေမကုန်မီ  ထွက်ခွာမည့် အရိပ်အယောင်မရှိသေးဟု ဆိုသည်။

 

အသက် (၆၇)နှစ်အရွယ် အာစင်ဝင်းဂါးသည် ယခုနှစ်ရာသီကုန်လျှင် စာချုပ်သက်တမ်းပြည့်မည်ဖြစ်ပြီး စာချုပ်သစ် ကိစ္စ ဆွေးနွေးနေဆဲဖြစ်သည်။ အသင်းတွင် ဆက်ရှိရေး၊ မရှိရေး ဆုံးဖြတ်ချက်သည် ကလပ်နှင့် ၎င်းတို့ကြား နားလည်မှုဖြင့် ချမှတ်လိမ့်မည်ဟု မျှော်လင့်ရသည်။

ပြည်တွင်းတွင် ချယ်လ်ဆီးနှင့် ၀က်ဖို့ဒ်ကို အရှုံးပေးခဲ့ရပြီးနောက် အာဆင်နယ်သည် ချန်ပီယံလိဂ်၌ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သဖြင့် ပြိုင်ပွဲမှ ထွက်ရန် သေချာသလောက်ရှိနေပြီး ခုနစ်နှစ်ဆက် ရှုံးနိမ့်မည့်အရေး ရင်ဆိုင်နေရသည်။

ဘိုင်ယန်မြူးနစ်သည် ချန်ပီယံလိဂ် အိမ်ကွင်း ၁၆ ပွဲဆက် နိုင်ပွဲရသည့် စံချိန်ကို ရယူနိုင်ခဲ့ပြီး မတ်လ ၇ ရက် အာဆင်နယ်နှင့် ဒုတိယအကျော့ မကစားမီအချိန်ထိ ပွဲပြီးဆုံးပြီဟု ပြောကြားရန် နည်းပြအန်ဆယ်လော့တီက ငြင်းဆန်ခဲ့သည်။

‘‘ရလဒ်က တကယ့်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့ အသာရခဲ့ပေမယ့် ဒုတိယအကျော့အတွက် ပြင်ဆင်ရပါဦး မယ်’’ဟု ၎င်းကပြောသည်။

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ကလည်း အိမ်ကွင်းတွင် နာပိုလီကို နောက်မှလိုက်ကစားကာ ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ယင်းပွဲတွင် ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမားသည် ချေပဂိုးသွင်းယူ ပေးခဲ့ခြင်းဖြင့် ဂိုးမိုးခေါင်မှုကို အဆုံးသတ်ကာ ဝေဖန်သံများကို တိတ်ဆိတ်စေခဲ့သည်။ ဘန်ဇီးမား သည် ချန်ပီယံလိဂ်တွင် ပြင်သစ်သားထဲမှ ဂိုးအများဆုံးသွင်းထား နိုင်သူ အွန်နရီ၏ ၅၁ ဂိုးစံချိန်ကို လည်း ကျော်ဖြတ်နိုင်ခဲ့သည်။

‘‘ဂိုးသွင်းပြီးတော့ ပရိသတ် တွေအားပေးနေတာကို မြင်ရတာ ပျော်ပါတယ်။ သူတို့ရဲ့ အားပေးမှု က ကျွန်တော်ရဲ့ ယုံကြည်မှုအ တွက် အရေးကြီးပါတယ်’’ဟု ဘန်ဇီးမားက ပြောကြားပြီး နည်းပြ ဇီဒန်းကလည်း ၎င်းကို ချီးကျူး ခဲ့သည်။

ဘန်ဇီးမားသည် နောက်ဆုံးခြောက်ပွဲတွင် ဂိုးသွင်းထားနိုင်ခြင်းမရှိသေးဘဲ အခွင့်အရေးအများအပြား ဖြုန်းတီးခဲ့မှု ကြောင့် ဝေဖန်ခံနေရသည်။  —Ref:BBC