ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ် နေပြည်တော်တွင် ကျင်းပမည်

ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တွင် တိုင်းရင်းသားအရေး အပါအ၀င် လူမှုစီးပွားကဏ္ဍများကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အရပ်ဘက်အဖွဲ့အစည်းများ က ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ခုဖြစ်သော အရပ်ဘက် အဖွဲ့အစည်းများဖိုရမ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ဖိုရမ်ဖြစ် မြောက်ရေးကော်မတီဝင် ဦးသွင် လင်းအောင်က ပြောသည်။ ထို့ပြင် အကြိုပြင်ဆင်သည့် ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ တောင်ကြီး မြို့တွင် အရပ်ဘက်အဖွဲ့များမှ ကိုယ်စားလှယ် ၅၀၀ ခန့်ဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်အကြိုဆွေးနွေးပွဲတွင် တိုင်းရင်းသားများခံစားနေရသည့် အခက်အခဲများကို ဆွေးနွေးမည့်အ ပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊မြေယာနှင့် သဘာဝသယံဇာတ စသည့်ကဏ္ဍအလိုက် အကြောင်း အရာများကို တိုင်းရင်းသားအား လုံး ပါဝင်ဆွေးနွေးရန် စီစဉ်ထား ကြောင်း ဦးသွင်လင်းအောင်က ဆိုသည်။ ယင်းဖိုရမ်အကြိုဆွေးနွေးပွဲမှ ရရှိလာသည့် အချက် အလက်များကို နေပြည်တော်တွင် ကျင်းပမည့် ပထမအကြိမ်ဖိုရမ်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းကော်မတီဝင်ဦးစောမင်းနိုင်က ပြောသည်။

ဖိုရမ်မှရရှိလာသည့် ဆွေးနွေးချက်များဖြင့် မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစု ပင်လုံ) တွင် ပညာရေး၊ ကျန်းမာရေးအကြောင်း အရာများအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရာ၌ လိုအပ်သည့်အချက်များ၊ ပြင်ဆင်သင့်သည်များကို တိုက်တွန်းပြောကြားမည်ဖြစ်ကြောင်း ဦးစောမင်းနိုင်က ပြောကြားသည်။

အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တွင် ပြန်လည်နေရာချထား ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်း ကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနိုင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကသတ်မှတ် ပေးထားသည်။

ထိုသို့ သတ်မှတ်ချက်များနှင့် အတူနိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍများကို ဆွေးနွေးခွင့်မရှိသည့်အပေါ် အရပ်ဘက် အဖွဲ့အစည်းများကအားမရမှုများ၊ မကျေနပ်မှုများရှိနေသည်ကို တွေ့ရကြောင်း ဦးသွင်လင်းအောင် က ပြောသည်။ အဆိုပါ ဖိုရမ်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်း ဆွေးနွေးကာတူညီသောသဘောထား၊ မူဝါဒရရှိအောင် လုပ်ဆောင်မည်ဖြစ်ပြီး အစိုးရ၊တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများကို စည်းရုံးလှုံ့ဆော်မည်ဖြစ်ကြောင်း ယင်းဖိုရမ်ဖြစ်မြောက်ရေးကော်မတီမှ သတင်းရရှိသည်။

# 7 Day Daily