ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ၁၈၆ ခုကို အင်အားဖြည့်တင်း
ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ စခန်း ၁၈၆ ခုအား နယ်ကြားစောင့်ရဲတပ်ဖွဲ့ခွဲ ၄၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ၂ တို့ဖြင့် ထပ်မံ အင်အားဖြည့်တင်းပြီး တပ်မတော်နှင့်ပူးပေါင်းပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောကြားသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က ရခိုင်ပြည်နယ် လုံခြုံရေးနှင့် ရခိုင်တိုင်းရင်းသားများ၊ အကြမ်းဖက် မှုကြောင့် နေရာရွှေ့ပြောင်းနေထိုင် နေရသည့် ရခိုင်တိုင်းရင်းသားများ ဘဝလုံခြုံရေးကို စီစဉ် ဆောင်ရွက်ပေးမည့်ကိစ္စကို မေးမြန်းခဲ့သောကြောင့် ၎င်းက အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ဘင်္ဂါလီလူမျိုးတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အမှတ်(၁) နယ်ခြား စောင့် ရဲကွပ်ကဲမှုအဖွဲ့သည် နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၄ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခုထားရှိပြီးဖြစ်ကြောင်း၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အပါအဝင် မြို့ပေါ်ရှိ အရေးကြီး အဆောက်အအုံများ၊ ဝင်ပေါက်ထွက်ပေါက်များနှင့် ရေဆိပ်များတွင် လုံခြုံရေး ရဲကင်းများ ချထား ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းပြသည်။
ယင်းအပြင် လိုအပ်ချက်အရ မောင်တောမြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးတစ်ဦး အပါအဝင် ဝန်ထမ်း၂၅၁ ဦးကို တာဝန်ချထားပြီး နယ်မြေ လုံခြုံရေးကိစ္စ အပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ် ဆောင်နေကြောင်း ၎င်းက ထပ်လောင်း ပြောသည်။
တပ်မတော် အနေနှင့်လည်း ပူးပေါင်း နယ်မြေရှင်းလင်းရေး အပါအဝင် ရေပိုင်နက် လုံခြုံရေးအတွက် ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ဝနှင့် မြစ်တွင်း လုံခြုံရေးအတွက် တပ်မတော် (ရေ) မှ ငါးမန်းတိုက်ရေယာဉ်များ၊ အမြန်သွား တိုက်ရေယာဉ်များနှင့် ရော်ဘာလှေများဖြင့် လုံခြုံရေး အပြည့်အဝ ဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် နယ်မြေ ပြန်လည်အေးချမ်းမှုကို ရရှိနေပြီဖြစ်ကြောင်း၊ အကြမ်းဖက်မှု ခံရခြင်းကြောင့် နေရပ်စွန့်ခွာနေသည့် တိုင်းရင်းသားများကိုလည်း နယ်မြေတည်ငြိမ်မှုနှင့်အတူ နေရာချထားရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အနောက်မြောက် နယ်စပ် ကုန်းနယ်နိမိတ်လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ၂၀ဝ၉ ခုနှစ် မတ်လမှ စတင်လုပ်ကိုင်လျက်ရှိပြီး ၂၀၁၄ ခုနှစ် မတ်လတွင် နယ်နိမိတ်မှတ်တိုင် B -2မှ BP -66 အထိ မိုင်း ၁၁၄ ဒသမ ၆၅ မိုင်ကာရံပြီးဖြစ်ကြောင်း၊ လက်ရှိတွင် တုံးချောင်းဝမှ အငူမော်ကျေးရွာအထိ မိုင် ၄၀ ခြံစည်းရိုး ကာရံခြင်း လုပ်ဆောင်နေပြီး BP -66 မှ BP-1 အထိ ခြံစည်းရိုး ကာရံရန် လိုအပ်နေသောကြောင့် ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
# The Voice