အွန်လိုင်းဖြင့် လိုင်စင်လျှောက်နိုင်သည့် သွင်းကုန် ၃၂၉ မျိုး ထုတ်ပြန်

အွန်လိုင်းမှ လိုင်စင်အပြည့်အ၀ လျှောက်ထားနိုင်သည့် သွင်းကုန် ၃၂၉ မျိုးကို ထပ်မံသတ်မှတ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

သွင်းကုန်လိုင်စင်လျှောက်ထားမှုအပိုင်းတွင် နိုင်ငံတကာ၌ ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျော ညီထွေရှိစေရန် ယခုကဲ့သို့ သတ်မှတ်ကြောင်း ဖော်ပြထားသည်။

အွန်လိုင်းလိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်ပစ္စည်းများကိုလည်း လုပ်ငန်းရှင်များ အကြံပြုသည့်အတိုင်း ထပ်မံခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုထားသည်။ ယခုခွင့်ပြုသည့် လိုင်စင်များတွင် သစ်သီးများ၊ ဘိလပ်မြေ ဆက်စပ်ပစ္စည်းများ၊ တာယာများ စသည်တို့ပါဝင်သည်။

ပို့ကုန်၊ သွင်းကုန်လိုင်စင် ထုတ်ပေးရာတွင် အွန်လိုင်းမှ အ ပြည့်အ၀လျှောက်ထားနိုင်သည့် ပို့ကုန်၊ သွင်းကုန် လိုင်စင်စနစ် (Fully Online Licensing Syst em) ကို ၂၀၁၆ ဇွန်လက စတင်ခွင့်ပြုခဲ့သည်။ ထို့နောက် အထည်ချုပ်လုပ်ငန်းများအတွက် ၂၀၁၇ ဇန်န၀ါရီ ၂၃ ရက်တွင် စတင်ခွင့်ပြုခဲ့သည်။

ထိုသို့ခွင့်ပြုရာတွင် စမ်းသပ်ကာလအဖြစ် အထည်ချုပ်စက်ရုံ ၁၀ ခုကို ခွင့်ပြုခဲ့ပြီး နောက်ပိုင်း အထည်ချုပ်စက်ရုံ အားလုံး ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။ အထည်ချုပ်သွင်းကုန်လိုင်စင်များ အွန်လိုင်းလိုင်စင်ကို အပြည့်အ၀လုပ်ဆောင်ရန် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထောက်ခံချက်စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်သည်။

အဆိုပါ အွန်လိုင်းစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းရှင်များ အသင်းသို့ အချက်အလက်တင်ပြစစ်ဆေးခံမှု၊ အသင်း၏ စိစစ်ထောက်ခံမှုနှင့် ကုန်သွယ်ရေးဦးစီးဌာနက လိုင်စင်စစ်ဆေးထုတ်ပေးမှု၊ ငွေပေးသွင်းမှုလုပ်ငန်းတစ်ခုလုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။

# 7 Day Daily