ယခုနှစ် ဂရမ်မီဆုတွေကို သိမ်းကျုံးဆွတ်ခူးသွားတဲ့ အဒဲလ်

(၅၉)ကြိမ် မြောက် ဂရမ်မီဆုပေးပွဲတွင် နာ မည်ကျော် ဗြိတိန်အဆိုတော် အဒဲလ်က ‘‘Hello’’ သီချင်းဖြင့် Song of the Year ဆုနှင့် Record of the Year ဆု အပါအ၀င် စုစုပေါင်း ငါးဆုရရှိခဲ့သည်။ အဒဲလ်သည် ဂရမ်မီ ဆုပေးပွဲ တွင် အကောင်းဆုံးသီချင်းဆုရရှိ ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၁၂ ကလည်း ‘‘Rolling in the Deep’’ သီချင်းဖြင့် အဆိုပါဆုကို ချီးမြှင့်ခံခဲ့ရသည်။

ယခုနှစ် ဂရမ်မီဆုပေးပွဲ၌ အဒဲလ်သည် ‘‘25’’ အယ်လ်ဘမ် ဖြင့် Album of the Year ဆုနှင့် Best Pop Vocal Album ကို လည်းကောင်း၊ ‘‘Hello’’ သီချင်း ဖြင့် Best Pop Solo Performance ဆုတို့ကိုလည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။

၂၀၁၅ အောက်တိုဘာတွင် ထွက်ခဲ့သော အဒဲလ်၏ ‘‘Hello’’ သီချင်းသည် တစ်ပတ်အတွင်း ဒစ်ဂျစ်တယ်ကော်ပီ အချပ်ရေ တစ်သန်းရောင်းချခဲ့ရသော ပထမဆုံး သီချင်းဖြစ်ပြီး ၂၀၁၅ နှစ်ကုန်၌ တစ်ကမ္ဘာလုံးတွင် ကော်ပီ အချပ်ရေ ၁၂ ဒသမ ၃ သန်းအထိ ရောင်းချခဲ့ရသည်အထိ အောင် မြင်ခဲ့သည်။

အဒဲလ်သည် Album of the Year ဆုကို ဘီယွန်စေး၏‘‘Lemonade’’ အယ်လ်ဘမ်ကို ကျော် ဖြတ်၍ရရှိခဲ့ပြီး ထိုဆုရရှိရန် ဘီယွန်စေးက ပိုမိုထိုက်တန်ကြောင်း စင်မြင့်ပေါ်ကနေ၍ ပရိသတ်များအား အဒဲလ်က ပြောသည်။ ‘‘ကျွန်မ ဒီဆုကို လက်မခံနိုင်ပါဘူး’’ ဟု ၎င်းကဆိုသည်။ သို့သော် အဒဲလ်သည် ထိုဆုကို တရားဝင်ငြင်းပယ်မည် လားဆိုသည်မှာ အတိအကျမသိရပေ။

ဘီယွန်စေး၏ ‘‘Lemondade’’ အယ်လ်ဘမ်သည် ယခု နှစ်အတွင်း အကောင်းဆုံး အယ်လ်ဘမ်ဆု ရရှိလိမ့် မည်ဟု လေ့လာသူအများစုက မျှော်မှန်းခဲ့ကြသည်။ တနင်္ဂနွေက ကျင်းပခဲ့သော ဂရမ်မီဆုပေးပွဲတွင် နာမည်ကျော် အဆိုတော်များဖြစ်ကြသော ဘီယွန်စေး၊ လေဒီဂါဂါ၊ ကေတီပယ်ရီ၊ ဘရူနိုမားစ်နှင့် အဒဲလ်တို့က ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။

-Ref:Reuters