ရတနာပုံအသင်းကို ၂၀၂၀ တွင် အများပိုင်အဖြစ် ပြောင်းလဲမည်ဟု အသင်းပိုင်ရှင်ဆို

မြန်မာလိဂ်ကလပ် ရတနာပုံအသင်းကို အများပိုင်အဖြစ် လာမည့် ၂၀၂၀ တွင် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း က ပြောသည်။

 

‘‘မန္တလေးက စီးပွားရေးလုပ် ငန်းရှင်တွေကို ရောင်းချမယ့် သတင်းက ကောလာဟလဖြစ်ပါတယ်။ အခုအချိန်ထိ ရတနာပုံအသင်းကို ထောက်ပံ့ပေးလာတာလည်း နှစ်ကမနည်းတော့ပါဘူး။ ကိုယ့်အိတ်ထဲကပဲ စိုက်ထုတ်ပြီး သုံးစွဲနေရတာပါ။ ဒါပေမဲ့ လာမယ့် ၂၀၂၀ လောက်ဆိုရင်တော့ အများပိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းဖြစ်မှာပါ။ အခုလက်ရှိတော့ မဖြစ်သေးဘူး’’ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

ရတနာပုံအသင်း၏ မူဝါဒအရ ပြည်ပကစားသမားများ ခေါ်ယူမှု လျှော့ချမည်ဖြစ်သော်လည်း ယခုနှစ်တွင် အာရှချန်ပီယံလိဂ် နှင့် အေအက်ဖ်စီဖလားပြိုင်ပွဲများကြောင့် နိုင်ငံခြားကစားသမား လေးဦးခေါ်ယူရန် ပြင်ဆင်ခဲ့ သော်လည်း ညှိနှိုင်းမှုအဆင်မပြေခြင်း ကြောင့် တစ်ဦးတည်းသာ ခေါ်ယူခဲ့ကြောင်း ၎င်းကပြောသည်။

ရတနာပုံအသင်းသည် အာရှချန်ပီယံခြေစစ်ပွဲ ဒုတိယအဆင့်တွင် ထိုင်းကလပ် ဆူခွန်ထိုင်း အသင်းကို ငါးဂိုးပြတ် ဖြင့် အရေးနိမ့်ခဲ့ခြင်းကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး အေအက်ဖ်စီဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

‘‘AFC Cup ပြိုင်ပွဲမှာ ရလဒ် ကောင်းရရှိမယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဘယ်အဆင့်အထိ ရောက်မယ် ဆိုတာတော့ မပြောချင်ဘူး’’ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

ရတနာပုံအသင်းသည် ၂၀၁၇ အေအက်ဖ်စီဖလားပြိုင်ပွဲတွင် အုပ်စု(ဇ)၌ဗီယက်နမ်ကလပ် Than Quang Ninh၊ စင်ကာပူကလပ် Home United တို့နှင့် ကျရောက်လျက်ရှိသည်။ မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံအသင်းသည် ကျင်းပပြီးစီးခဲ့သည့် မြန်မာလိဂ်ပြိုင်ပွဲ ရှစ်ကြိမ်တွင် ချန်ပီယံဆု လေးကြိမ်ရရှိထားသည်။

(7 Daydaily)