ဒုသမ္မတ ဦးမြင့်ဆွေ ဖေဖော်ဝါရီ ၁၄ ရက်တွင် မောင်တောသို့ ရောက်မည်

မောင်တောအကြမ်း ဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဖေဖော်ဝါရီ ၁၄ ရက်တွင် မောင်တောနယ်စပ်ဒေသသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မောင်တောနယ်စပ်ဒေသတွင် စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေ ဦးဆောင်သော အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၀ ရက်က စတင်ကာ လိုအပ်သော စုံစမ်း စစ်ဆေး မှုများကို အဖွဲ့ခွဲ၍ ပြုလုပ် နေသည်။

စုံစမ်းစစ်ဆေးရေး  ကော်မရှင်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၁ ရက်က မောင်တောမြို့နယ်ရှိ ဇင်ပိုင်ညာ၊ ဝက်ပစ် (ဝါးပိတ်)၊ ဖားဝပ်ချောင်း၊ ကြိမ်ချောင်းနှင့် လောင်းဒုံကျေးရွာအုပ်စု စေတီပြင်ကျေးရွာတို့သို့ သွားရောက် စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

၂၀၁၆ အောက်တိုဘာက မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တိမ်းရှောင်လာသည် ဆိုသော ဘင်္ဂါလီလူမျိုးများကို ကိုးကား၍ စစ်ဆင်ရေးကာလအတွင်း ဘင်္ဂါလီများသည် နှိပ်စက်ညှဉ်းပန်း အသတ်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းများ ကြုံတွေ့နေရကြောင်း ကုလ သမဂ္ဂ (OHCHR)က ဖေဖော်ဝါရီ ၃ ရက်စွဲဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် စွပ်စွဲထားသည်။ အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က မောင်တော နယ်စပ်ဒေသတွင် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

# 7 Day Daily