ရခိုင်ပြည်နယ်အရေး ပုပ်ရဟန်းမင်းကြီး၏ဝေဖန်မှုထွက်ပေါ်လာပြီးနောက် အထူးကိုယ်စားလှယ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နေအိမ်၌လက်ခံတွေ့ဆုံခဲ့
ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုအပေါ် ပြုမူဆက်ဆံနေပုံနှင့်ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးမှ ဝေဖန် အပြီး ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ်အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နေအိမ်၌ ဖေဖော်ဝါရီ (၈)ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပုပ်ရဟန်းမင်းကြီး ၏ အထူးကိုယ်စားလှယ် His Grace Comboy Archbishop Paul Tschang in Nam အား ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်းတွင် လက်ခံတွ့ဆုံခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုတို့သည် ယင်းတို့၏ယဉ်ကျေးမှုနှင့် မွတ်စလင်ယုံကြည်ချက်အတိုင်း နေထိုင်လိုသည့်အတွက် နှိပ်စက်ညှင်းပန်းခံရမှုများ၊ အသတ်ခံရမှုများ ရှိနေသဖြင့် ၀ိုင်းဝန်းဆုတောင်းပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်နန်းတော်တွင် ဖေဖော်ဝါရီလ ၈ ရက်ကပြုလုပ်သည့် ၀တ်ပြုဆုတောင်း ပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပုပ်ရဟန်းမင်းကြီး အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးရာတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းရှိ၊ မရှိမေးမြန်းသည့်အပေါ် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ” သတင်းထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ အဲဒီအတိုင်းပါပဲ။ ထုတ်နိုင်သလောက်ထုတ်ထားတယ်” ဟု ဖေဖော်ဝါရီလ ၉ ရက် နေ့လယ်ပိုင်းက ဖြေကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ” အစ်မတို့သိရတာက သူတို့သံတမန် ထူထောင်ချင်လို့ လာကမ်းလှမ်းတယ်။ ဗာတီကန်နဲ့ အစ်မတို့ကြားမှာ diplomatic relation မရှိဘူး။ အဲဒါလုပ်ဖို့ လာကမ်းလှမ်းတာပေါ့ ” ဟု ပြောသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဗာတီကန်နှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်သွယ်ရေးထူထောင်ရေးကိစ္စ၊ နှစ် နိုင်ငံကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော် ဆောင်မှုဖြစ်စဉ်တို့နှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။