ပရီးမီယာလိဂ် ပြစ်ဒဏ်ကျူးလွန်ခံရမှု အများဆုံး ကစားသမားအဖြစ် ဟာဇက် ထိပ်ဆုံးမှ ရပ်တည်

ချယ်လ်ဆီးတိုက်စစ်မှူး အေဒင်ဟာဇက်သည် ပရီမီယာလိဂ်၏ ပြစ်ဒဏ်ကျူးလွန်ခံရမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း မှတ်တမ်းများအရ သိရသည်။

 

ဟာဇက်သည် အာဆင်နယ်အား သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် ချယ်လ်ဆီးအတွက် ဒုတိယမြောက်သွင်းဂိုးကို တစ်ကိုယ်တော် ခြေစွမ်းပြပြီး သွင်းယူနိုင်ခဲ့ သည်။ အာဆင်နယ်နှင့်ပွဲစဉ်တွင် ပထမပိုင်း၌ နောက်ခံလူ မူစတာဖီ၏ ကြမ်းတမ်းသည့် ဖျက်ထုတ်မှု တစ်ကြိမ် ကျူးလွန်ခံခဲ့ရသေး သည်။
ဟာဇက်မှာ ပရီမီယာလိဂ်နောက်တန်းကစားသမားများ၏ အဓိကပစ်မှတ်ကစားသမားဖြစ်နေပြီး ယခုနှစ် ဘောလုံးရာသီအတွင်းမှာပင် ၆၇ ကြိမ်အထိ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရသည်။

ဟာဇက်၏ နောက်တွင် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာက ၆၆ ကြိမ်ဖြင့် ဒုတိယ လိုက်နေပြီး တတိယနေရာတွင် ဟာဇက်၏ ချယ်လ်ဆီးအသင်းဖော် တိုက်စစ်မှူး ကော်စတာက ၅၆ ကြိမ်ဖြင့် ရပ်တည်နေသည်။

ပြစ်ဒဏ်ကျူးလွန်ခံရမှု အများဆုံး ထိပ်ဆုံးသုံးနေရာရှိ ကစားသမားများမှာ တိုက်စစ်ကစား သမား များသာ ဖြစ်သော်လည်း ကွင်းလယ်ကစားသမား ပေါ့ဘာသည် တိုက်စစ်ကစားသမားများဖြစ်သည့် စတာလင်း၊ မာနေး တို့ထက် ပြစ်ဒဏ်ကျူးလွန်ခံရမှု ပိုမိုများပြားနေသည်ကိုလည်း တွေ့ရသည်။

The Mirror Daily