စေတနာ့ ညကျောင်းမှ ကျောင်းသူကျောင်းသားများ၏ စံပြမေးခွန်းပြုစုနိုင်ရန် စစ်တွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေများပေးအပ်

 

ရခိုင်ပြည်နယ် စေတနာ့ ည ကျောင်းဖွင့်လှစ်ထားရှိရာ စစ်တွေ မြို့ အထက(၁) ကျောင်းသို့ သွား ရောက်ကာ ကျောင်းသားများ အတွက် စံပြမေးခွန်းငါးစုံ ပြုစု နိုင်ရန်အတွက် ယခုလ ၂၄ ရက် ည ၇ နာရီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၏ လမ်းညွှန်မှုဖြင့် စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များမှ ထောက် ပံ့ငွေကျပ်နှစ်သိန်းကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ပေါ်တွင် အခမဲ့ ကျောင်းများရှိသော်လည်း နေ့လယ် နေ့ခင်းသာစာသင်ကြသည့်အတွက် နေ့လယ်ဘက်တွင် အလုပ်လုပ်ကြ ရသည့် တက္ကသိုလ်ဝင်တန်းနှစ်ကျ ကျောင်းသား ကျောင်းသူများမှာ အလုပ်တစ်ဖက်နှင့် ကျောင်းမနေ နိုင်ဘဲ အပြင်မှာ ရောက်နေကြ ကြောင်း၊ ထို့ကြောင့် အဆိုပါ စေတနာ့ညကျောင်းကို ဖွင့်လှစ် နိုင်ရန်အတွက် အရင်ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ရကြောင်း၊ ယခုကဲ့သို့ ကျောင်းဖွင့်လှစ်နိုင်ရန် အခက်အခဲ အများကြီးတွေ့ခဲ့ရကြောင်း အဆိုပါ ကျောင်း၏တာဝန်ခံ ကျောင်းအုပ် ဒေါက်တာကျော့သာစိန်က ဆို သည်။ ထို့နောက် ယခုကဲ့သို့ မိမိတို့ကျောင်းအတွက် လာရောက် လှူဒါန်းသည့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကျောင်းသူ ကျောင်းသားများနှင့်တကွ ဆရာ ဆရာမများကကျေးဇူးတင်ကြောင်း ပြောကြားကြသည်။

”အခုဆိုရင် ကျွန်မတို့ရဲ့ စေတနာ့ညကျောင်းဟာ နှစ်နှစ် မြောက်ကို ရောက်လာပါပြီ။ အရင် နှစ်ကထက် ကျောင်းသားတွေ ပိုများလာပါတယ်။ ဇီဝ၊ ဘောဂ၊ ဝိဇ္ဇာဘာသာစုံကျောင်းသား ၁၂ဝဦး ရှိပါတယ်။ စေတနာ့ဆရာဆရာမ ၃၄ ယောက်ရှိပါတယ်။ စစ်တွေ တက္ကသိုလ်က ဆရာမတွေများပါ တယ်။ စစ်တွေမြို့ပေါ်က ဆရာ ဆရာမတွေကတော့ တော်တော် လေး နည်းပါတယ်။ သူတို့က စေတနာနဲ့ မအားလပ်တဲ့ကြားထဲ ကလာပြပေးကြတာပါ။ ဒါကြောင့် ကျွန်မတို့ကလည်း သူတို့ရဲ့အသွား အပြန်ကိုကားနဲ့လိုက်ပေးဖို့ တာဝန် ယူထားပါတယ်။ ကားခကတော့ တစ်လကို တစ်သိန်းကျော်ကုန်ကျ ပါတယ်။ လစဉ်ထောက်ပံ့မှုအနေနဲ့ ကတော့ အခုပြည်နယ်အစိုးရအဖွဲ့ က ထောက်ပံ့ပေးတာကလွဲလို့ တခြားလူမှုအဖွဲ့အစည်းတွေက လှူဒါန်းတာတွေလည်းမရှိပါဘူး” ဟု ဒေါက်တာကျော့သာစိန်က ပြောသည်။

နေချိုသွေး