မိမိတို့ပါတီသည် အမျိုးသားရေးနှင့်တိုင်းပြည်အတွက်ထူထောင်ထားသည့် ပါတီကြီးတစ်ရပ်ဖြစ် အမျိုးသားရေးကိုရှေးရှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ယနေ့နံနက် ၁ဝနာရီက ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြုလုပ်သည့် ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် မိမိတို့ပါတီသည် အမျိုးသားရေးနှင့် တိုင်းပြည်အရေးအတွက် ထူထောင်ထားသည့်ပါတီဖြစ်သည့်အတွက် အမျိုးသားရေးကို ရှေးရှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်များ၊ ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်အခြေအနေများနှင့်ပတ်သက်၍ တိုင်းပြည်နစ်နာမည့်ကိစ္စရပ်များကို ပြည်သူများအမှန်အတိုင်း သိမြင်အောင် ပြောဆိုတတ်ရန်လိုကြောင်း၊ မိမိတို့ပါတီသည်လည်း အမျိုးသားရေးအတွက်၊ တိုင်းပြည်အတွက် တည်ထောင်ထားသည့် ပါတီကြီးတစ်ရပ်ဖြစ်ကြောင်း၊ ပါတီတွင်းစည်းလုံးညီညွတ်ရန်နှင့် ပါတီ၏တာဝန်များကို အဆင့်ဆင့်ခွဲ၍ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ကော့မှူးမြို့နယ် ပါတီဥက္ကဋ္ဌက မြို့နယ်အတွင်းစည်းရုံးရေးအခြေအနေများနှင့် ကြားဖြတ် ရွေးကောက်ပွဲအခြေအနေများကိုတင်ပြခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးတို့က လမ်းညွှန်အမှာစကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ပါတီဥက္ကဋ္ဌက လိုအပ်သည် များကို ဆက်လက်မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးတို့အပြင် ခရိုင်၊မြို့နယ်အဆင့်ဆင့်မှ ပါတီဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

နေထက်ဝေ