ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၅) ရက် နံနက် (၁၀) နာရီခွဲအချိန် က တောင်ကုတ်မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် တောင်ကုတ်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်လူငယ်များ၊ အမျိုးသမီးများ စုစုပေါင်း ၂၀၀ ဦးခန့် နှင့် တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ ပါတီဌာနချုပ်မှ ရေးရာကဏ္ဍ အသီးသီး၏ လုပ်ကိုင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လာမည့်ရွေးကောက်ပွဲများ တွင် အောင်နိုင်ရေးအတွက် ပါတီဌာနချုပ်မှ အစဉ်တစိုက် ကြိုးစားလုပ်ဆောင်နေလျက်ရှိပြီး မြို့နယ်ပါတီဝင်များ၊ ပါတီဝင်လူငယ်များ၊ အမျိုးသမီးများအနေဖြင့်လည်း တတ်စွမ်းသမျှ ၀ိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပါတီဗဟိုကော်တီဝင် ဦးထွေးလှ(နိုင်ငံရေးနှင့်တိုင်းရင်းသားရေးရာကော်မတီဝင်)မှ မိမိတို့ ပါတီအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကို အဓိကထားဆောင်ရွက် လျက်ရှိနေကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်တွင် တာဝန်ယူထမ်းဆောင်ခဲ့စဉ်က အတွေ့အကြုံများနှင့် လက်ရှိနိုင်ငံရေးအခြေအနေများအား အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် (အမျိုးသမီးရေးရာတွဲဖက်တာဝန်ခံ)၊ ဗဟိုကော်မတီဝင် ဦးလှထွန်းဦး (လူငယ်ရေးရာကော်မတီဝင်)၊ ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင် (သတင်းမီဒီယာကော်မတီဝင်)၊ ဗဟိုကော်မတီဝင် ဦးဆလိုင်းခွဲယန် (နိုင်ငံရေးနှင့်တိုင်းရင်းသားရေးရာကော်မတီဝင်) တို့မှ ရေးရာကဏ္ဍအလိုက် ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ဗဟိုကော်မတီဝင် ဦးသန်းဝေ (ရခိုင်ပြည်နယ်ပါတီအတွင်းရေးမှူး)မှ လက်ရှိ ရခိုင့်နိုင်ငံရေးအခင်း အကျင်းများ၊ ရွေးကောက်ပွဲအတွေ့အကြုံများနှင့် မိမိပါတီမှ နိုင်ငံရေး ဦးဆောင်မှုရရှိအောင် ကျားကုတ်ကျားခဲ ကိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တောင်ကုတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သီးမှ မိမိပါတီ၏ ရေးရာကဏ္ဍအလိုက် လုပ်ဆောင်ထားရှိမှုအခြေအနေများ၊ လူမှုရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးကိစ္စအ၀၀တွင် မိမိတို့ပါတီအနေဖြင့် ပါဝင်ကူညီဆောင်ရွက်ထာရှိမှု အခြေအနေများ၊ လာမည့် ၂၀၁၇ ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မဲဆန္ဒနယ်အတွက် မိမိတို့မြို့နယ်ပါတီအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Nay Cho Thway