မြန်မာနိုင်ငံကို အိုင်အက်စ် ပစ်မှတ်ထားလာနိုင်ဟု မလေးရှားရဲ သတိပေး၊ မြန်မာနိုင်ငံသို့ လာရောက် အကြမ်းဖက် လှုပ်ရှားရန် စီစဉ်နေသူတစ်ဦးကို မလေးရှားတွင် ဖမ်းမိထား

ဘင်္ဂါလီပြဿနာကြောင့် မြန်မာနိုင်ငံသည် အိုင်အက်စ်ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ ပစ်မှတ်ထားခြင်းကို ခံလာရနိုင်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတိပေးပြောကြားသည်။ မလေးရှားရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တိုက် ဖျက်ရေး အထူးယူနစ်သည် ပြီးခဲ့သည့်လက လူတစ်ဦးကို ဖမ်းဆီးခဲ့ရာ ၎င်းသည် အိုင်အက်စ်လိုလားသူတစ်ဦး ဖြစ်နေသည့်အပြင် မြန်မာနိုင်ငံသို့ထွက်ခွာပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီးရန် အစီအစဉ်ရှိနေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဘင်္ဂါလီမျိုးနွယ် မွတ်စလင်များ ညှဉ်းပန်းနှိပ်စက်ခြင်းခံနေရကြောင်း နိုင်ငံတကာ စွပ်စွဲမှုများနှင့် စပ်လျဉ်း၍ ယခုအခါ အိုင်အက်စ်နှင့်ဆက်စပ်သော အရှေ့တောင်အာရှ အစ္စလာမ်မစ်အစွန်းရောက် ကွန်ရက်များက မြန်မာနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်လာနိုင်ကြောင်း မလေးရှားအကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးယူနစ်၏အကြီးအကဲ အေယော့ဘ်ခန်းမိုင်ဒင်ပစ်ချေးက အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုသူသည် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ကြောင်း အေယာ့ဘ်ခန်းက ပြောကြားခဲ့သော်လည်း အမည်ကို မဖော် ပြပေ။ ၎င်းကို ဇန်နဝါရီ ၄ ရက်တွင် ရုံးတင်စစ်ဆေးမှုအစပြုခဲ့ပြီး အကြမ်းဖက်ရန်ကြံစည်မှု စွဲချက်အတွက် ပြစ်မှု ထင်ရှားပါက မလေးရှားဥပဒေအရ ထောင်ဒဏ်ခုနစ်နှစ်ထိဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်ကြောင်းသိရသည်။

အေယော့ဘ်ခန်းက ဘင်္ဂါလီအရေးကိစ္စနှင့်ဆက်စပ်ပြီး အိုင်အက်စ်အပြင် အခြားသော အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များ၏ ရန်လိုမှုကိုပါ မြန်မာနိုင်ငံအနေဖြင့် တွေ့ကြုံလာနိုင်ကြောင်းလည်း သတိပေးခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ် တာအတွင်း အရှေ့အလယ်ပိုင်းဒေသတွင် အိုင်အက်စ်တို့ အင်အားကောင်းလာပြီးနောက် အရှေ့တောင်အာရှ နိုင်ငံအချို့မှ ဂျီဟတ်အစွန်းရောက်ဝါဒီများသည် ဆီးရီးယားနှင့် အီရတ်တို့သို့ သွားရောက်ကာ အိုင်အက်စ်နှင့် ပူးပေါင်းခဲ့သည်။ ၎င်းတို့သည် စစ်သွေးကြွများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ပြီးနောက် နေရပ်သို့ပြန်လာရာ၌ ဒေသ အလိုက် အိုင်အက်စ် ကွန်ရက်များကို တည်ထောင်ရန် ကြိုးပမ်းလာသည်။

၂၀၁၆ အတွင်း မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် အိုင်အက်စ်နှင့် ဆက်စပ်သည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အချို့ကိုလည်း လက်တွေ့မကျူးလွန်မီ အာဏာပိုင်များက ကြိုတင်ဖော်ထုတ်တားဆီးနိုင်မှုများ ရှိခဲ့ သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက် လှုပ်ရှားရန် စီစဉ်ထားကြောင်း စွပ်စွဲခံရသူသည် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ကျွန်းပေါ်သို့ လက်နက်များ မှောင်ခိုတင်ပို့ရန် ကြိုးစား၍ အဖမ်းခံရသူ ခုနစ်ဦးနှင့် ပတ်သက်နေကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။

ထိုသူသည် မလေးရှားတွင် စိုက်ခင်းလုပ်သား တစ်ဦးအဖြစ် ၂၀၁၄ ကတည်းက အလုပ်လုပ်ခဲ့ကြောင်း သိရသည်။ ၎င်းအနေ ဖြင့် မြန်မာနိုင်ငံထဲ ဝင်ရောက်ရန် ပြည်တွင်းရှိ မည်သည့်အဖွဲ့အစည်းနှင့် ချိတ်ဆက်ခဲ့သည်ဆိုခြင်းကိုမူ အေယော့ဘ်ခန်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သို့သော် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အရက်ဘားတစ်ခုထဲ လက်ပစ်ဗုံးပစ်ထည့်ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ သည့် အိုင်အက်စ်လိုလားသူ မူဟာမက်ဝမ်ဒီ မူဟာမက် ဂျီဒီနှင့် တိုက်ရိုက်ပတ်သက်မှုရှိကြောင်း အေယော့ဘ် ခန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက ရခိုင်ရှိ ရဲစခန်းများကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းကို တပ်မတော်က တုံ့ပြန်ကိုင်တွယ်ကာ စစ်ဆင်ရေးများ ဆင်နွှဲခဲ့ပြီးနောက် ဘင်္ဂါလီများကို မြန်မာအစိုးရက ဖိနှိပ်လျက် ရှိကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ ထို့အတူ အိုင်အက်စ်က ဘင်္ဂါလီအရေးကို အသုံးချကာ အရှေ့တောင် အာရှတွင် ၎င်းတို့၏ အကြမ်းဖက်ကွန်ရက်ကို ဖြန့်ကြက်လာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။

မြန်မာအစိုးရပြောရေးဆိုခွင့်ရအရာရှိ ဦးဇော်ဌေးက ရခိုင်ပြည်နယ်တွင် အောက်တိုဘာက ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုများမှာ အိုင်အက်စ်အဖွဲ့နှင့် ဆက်စပ်သည့် အထောက်အထားမတွေ့ရဟု Reuters သို့ မှတ်ချက်ပေးခဲ့သည်။

မလေးရှားရှိ အစွန်းရောက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး သုတေသီတစ်ဦးဖြစ်သည့် ဘက်ဒ်ရူလ်ဟီရှမ် အစ္စမေးလ် ကမူ မလေးရှားတွင် အခြေစိုက်လှုပ်ရှားနေသည့် အကြမ်းဖက် ကွန်ရက်အချို့သည် ရခိုင်မှ ဘင်္ဂါလီများကို လူသူ စုရုံးကာ အင်ဒိုနီးရှားပိုင် ဆူလာ ဝေဆီကျွန်းရှိ ပိုဆိုသို့ စေလွှတ်ပြီး စစ်သင်တန်းများ ပို့ချနေကြောင်း၊ တစ်ချိန်တွင် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လွှတ်ကာ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်စေရန် ပြင်ဆင်နေကြောင်း သတိ ပေးခဲ့သည်။

# 7 Day Daily