ပြည်တွင်း၌ နိုင်ငံခြားငွေ အသုံးလျှော့ချရန် ဗဟိုဘဏ်ထပ်မံစာထုတ်

အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများ၊ အဖွဲ့အစည်အများက ကုန်ပစ္စည်းများ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ငွေပေးချေမှု၌ နိုင်ငံခြားငွေကို အသုံးပြုနေသဖြင့် မြန်မာကျပ်ငွေတစ်မျိုးတည်းသာ အသုံးပြုရေး ညှိနှိုင်းဆောင်ရွက် ရန် ဗဟိုဘဏ်က ထပ်မံစာထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မိမိလက်အောက်ခံ အဖွဲ့ အစည်းများနှင့် ဆက်စပ်ဆောင်ရွက်နေသော ကုန်ပစ္စည်းများ ၀ယ်ယူရောင်းချခြင်း၊ ၀န်ဆောင်မှုဆောင်ရွက်ရန် ပေးချေခြင်းနှင့် ဈေးနှုန်းဖော်ပြခြင်းကိစ္စများ နိုင်ငံခြားသုံးငွေဖြင့် သတ်မှတ်ခြင်း၊ သုံးစွဲခြင်းများ မပြုလုပ်ရန် ၂၀၁၆ ဒီဇင်ဘာအတွင်းက ဗဟိုဘဏ်က စာထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၅ အောက်တိုဘာကလည်း ပြည်တွင်းနိုင်ငံခြားငွေတန် ဖိုးတည်ငြိမ်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ငွေပေးချေမှုများကို ကျပ်ငွေတစ်မျိုးတည်းကိုသာ အသုံးပြုရန် စာ ထုတ်ပြန်ထားသည်။

ဒေါ်လာနှင့် ငွေပေးချေမှုများ ဆက်တိုက်လုပ်ကိုင်နေသဖြင့် ဒေါ်လာတန်ဖိုးစံ ချိန်တင်မြင့်တက်လာသည့် ဒီဇင် ဘာအတွင်း၌လည်း ထိုကဲ့သို့ စာတစ်စောင်ကို ဗဟိုဘဏ်က ထပ်မံထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိက ဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။‘

‘သူတို့က ထုတ်ထားပေမယ့် တကယ်တမ်းတိတိကျကျ အရေးယူဆောင်ရွက်တာ မရှိသေးဘူး။ ဟိုတယ်ဘက် ကလည်း သွားနေကျ လာနေကျပုံစံရှိနေတော့ ဒေါ်လာယူရတဲ့ လူကလည်း ယူရတာပဲ။ ဒေါ်လာမယူလို့မရဘူး’’  ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ပြုံးကပြောသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ အသုံးများခြင်းကြောင့် ဒေါ်လာတန်ဖိုး မတည်ငြိမ်မှုကို လျှော့ချရန် ဗဟို ဘဏ်က ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်း အရာရှိတစ်ဦးက သုံးသပ်သည်။

လက်ရှိအစိုးရသစ် လက်ထက်တွင် တစ်ဦးချင်း ကားတင်သွင်းမှု မူဝါဒအပြောင်းအလဲ၊ ပြင်ပငွေကြေးဈေးကွက် တွင် ငွေကြေးဝင်ရောက်ကစားမှုများကြောင့် ဒီဇင်ဘာအတွင်း အမေရိကန်ဒေါ်လာတန်ဖိုးသည် ပြင်ပ ဈေးကွက် တွင် တစ်ဒေါ်လာလျှင် ၁၄၄ ကျပ်သို့ စံချိန်တင်မြင့်တက်ခဲ့သည်။

# 7 Day Daily