ငြိမ်းချမ်းရေးအတွက် တစ်ကမ္ဘာလုံး အတူကြိုးစားရန် ကုလသမဂ္ဂ အကြီးအကဲသစ် တိုက်တွန်း

တစ်ကမ္ဘာလုံးအနေဖြင့် ငြိမ်းချမ်းရေးကို အဓိကတွန်းအားပေး ဖော်ဆောင်ကြစေလိုကြောင်း ကုလသမဂ္ဂ အကြီး အကဲသစ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းပြောကြားလိုက်သည်။

 

ဇန်နဝါရီ ၁ ရက်တွင် ဘန်ကီမွန်း၏ နေရာကိုဆက်ခံခဲ့သည့် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းက ၎င်း၏ နှစ်သစ်ကူး မိန့်ခွန်းကို ပြောကြားရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးပွားဖြစ်ထွန်းစေရန် အလေးအနက် တိုက်တွန်း သွားခြင်း ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသား ဘန်၏ ဒုတိယသက်တမ်း ၅ နှစ် ကုန်ဆုံးပြီးနောက် ၎င်းသည် ဒီဇင်ဘာ ၃၁ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ဂူတာရက်စ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရာထူးအတွက် ဒီဇင်ဘာ ၁၂ ရက်က ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီးဖြစ်သည်။ ၎င်းသည် ရာထူးလက်ခံပြီးပြီးချင်း ဆီးရီးယား ပြည်တွင်းစစ်၊ ယီမင်ပဋိပက္ခ၊ တောင်ပိုင်းဆူဒန် ပြဿနာ၊ လစ်ဗျားအကျပ်အတည်းနှင့် တစ်ကမ္ဘာလုံး အတိုင်းအတာထိ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းတို့ကို ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။

၎င်းက “မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယမှာ ကျွန်တော်က ကမ္ဘာ့ပြည်သူအားလုံးကို တောင်းဆိုချင်ပါတယ်။ ကျွန်တော်နဲ့အတူ ပူးပေါင်းပြီး တစ်ခုတည်းသော နှစ်သစ်ကူး ရည်မှန်းချက်ကို ဝိုင်းဝန်းအကောင်အထည်ဖော်
ပေးကြပါ။ အဲဒါကတော့ ငြိမ်းချမ်းရေးကို ပထမဦးစားပေးအနေနဲ့ အကောင်အထည်ဖော်ပေးကြပါ” ဟု ဆိုသည်။

၎င်းက “ကျွန်တော်တို့ရဲ့ နေ့စဉ် ရှင်သန်နေထိုင်မှုဘဝတွေမှာ စည်းလုံးမှု၊ ပေါင်းစည်းမှုတွေနဲ့ ဖြတ်သန်းစေချင် ပါတယ်။ နိုင်ငံရေး အမြင်ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းတွေနဲ့ ဖြေရှင်းပေးကြပါ။ စစ်မြေပြင်တွေမှာ အပစ်အခတ် ရပ်စဲကြပါ။ နိုင်ငံရေး ပြဿနာတိုင်းကို အတတ်နိုင်ဆုံး စားပွဲတစ်ဝိုင်းတည်းမှာ အတူထိုင်ပြီး ညှိနှိုင်း ဖြေရှင်းပေးကြပါ။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့ လမ်းပြပန်းတိုင်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်သင့်ပါ တယ်”ဟုလည်း တိုက်တွန်း ပြောကြားသွားသည်။

ဂူတာရက်စ်သည် ကုလသမဂ္ဂအကြီးအကဲအဖြစ် တာဝန်ယူပြီး သီတင်းပတ်အနည်းငယ်အတွင်းတွင်ပင် အမေရိကန်သမ္မတသစ် ဖြစ်လာမည့် ဒေါ်နယ်လ်ထရမ့်နှင့် ထိပ်တိုက်တွေ့မည့် အခြေအနေလည်း ရှိနေသည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ညီလာခံ၌ အစ္စရေးက ပါလက်စတိုင်း နယ်မြေများတွင် အိမ်ရာစီမံကိန်းများ အခြေချနေခြင်းကို ကန့်ကွက်ကြောင်းအဆို အောင်မြင်ခဲ့သော်လည်း ထရမ့်က မိမိ အမေရိကန်သမ္မတ ဖြစ်လာချိန်တွင် အဆိုပါ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ပြောင်းလဲရန် လုပ်ဆောင်မည် ဖြစ်ကြောင်း အတိအလင်း သတိပေးထားသည်။  Ref: Guardian