ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး PACE အဖွဲ့ စစ်တမ်းပြုလုပ်မည်

၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ထွက်ရှိရေးအတွက် ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်း လှုပ်ရှားမှုအဖွဲ့ (PACE) က လစ်လပ်မဲဆန္ဒနယ်များ၌ စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ယခင်က မဲဆန္ဒရှင်စာရင်း အရည်အသွေးဆန်းစစ်လေ့လာရန် စီစဉ်ခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ အမည်စာရင်းမိတ္တူမရရှိပေ။ ထို့ကြောင့် မဲဆန္ဒရှင်စာရင်း စစ်တမ်းကောက်ယူခြင်းကို ဇန်န၀ါရီလ ကုန်ကစ၍ မြို့နယ် ၂၁ မြို့နယ်ရှိ ကျေးရွာအချို့ကို ရွေးထုတ်ကောက်ယူမည်ဖြစ်ကြောင်း PACE ပရိုဂရမ်မန်နေဂျာ ဦးဟန်စိုးထွန်းက ပြောသည်။

‘‘စစ်တမ်းကောက်တဲ့အခါမှာ မဲစာရင်းအရည်အသွေးကို ဆန်းစစ်လို့မရပေမယ့် လူတွေအနေနဲ့ စာရင်းမှာ ရာခိုင်နှုန်းဘယ်လောက်မှန်ကန်လဲ၊ အမှားတွေက ဘယ်လောက်ပါဝင်နေလဲဆိုတာတွေ ရရှိလာမယ်။ ကျွန်တော် တို့က ဖြစ်စဉ်ကိုပဲ ယူလို့ရတော့မယ်။ အရည်အသွေးကို ဆန်းစစ်ဖို့ မလုပ်နိုင်တော့ဘူး’’ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မဲဆန္ဒရှင်စာရင်း စစ်တမ်းကောက်ယူခြင်းကို အိမ်တိုင်ရာရောက်သွားရောက်ကာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် စသည့် အချက်အလက်များကို မှန်ကန်မှုရှိ၊ မရှိ စေတနာ့ဝန်ထမ်း ၈၀ကျော်ဖြင့် ပြုလုပ်မည်ဟု PACE အဖွဲ့မှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်များတွင် မဲဆန္ဒရှင်စာရင်းကို ပြည့်စုံမှန်ကန်စေရေးအတွက် ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာ၌ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ၂၀၁၅ မဲစာရင်းကို အခြေခံ၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းစသည့် မဲစာရင်းကောက်ယူသည့် လုပ်ငန်း စဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မဲဆန္ဒရှင်စာရင်းများကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြေညာပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့များအနေဖြင့် ယခုနှစ် မေလ ၁၅ ရက်အထိ ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားနိုင် ကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုမှ မြို့နယ် ၂၁ မြို့နယ်၌ ၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ပြည်သူ့လွှတ်တော်အတွက် ကိုး နေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာနှင့် ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာ ပါဝင်သည်။

# 7 Day Daily