ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို မြို့နယ် ပြည်သူ့ အားကစားကွင်းတွင် ယခုလ ၂၅ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်က မျိုးဆက်သစ် ကစားသမားများ ပေါ်ထွန်းရေး၊ ကျန်းမာကြံ့ခိုင်သည့် အားကစားသမားကောင်းများကို ဧရာဝတီတိုင်းမှ တိုးတက်သည့် လူငယ် များစွာရရှိရေးတို့ကို ရည်ရွယ်မျှော်မှန်း၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားကာ ဇလွန်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးနိုင်လင်းက ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကော်မတီဝင် ဦးရှိန်း ထက်ခေါင်က အားကစားအဓိဋ္ဌာန်များကို လူငယ်အားကစားသမားများနှင့် ရွတ်ဆို၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေး လိုက်သည်။

ယင်းပြိုင်ပွဲတွင် တစ်မြို့နယ်လုံး ၁၄နှစ်အောက် လူငယ် ၁၇ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး တစ်နေ့လျှင် နံနက်နှစ်ပွဲ၊ ညနေနှစ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမ ည်ဖြစ်ကြောင်း သိရသည်။

ငွေသန်း