ကမ္ဘာ့အင်တာနက်အမြန်ဆုံးနိုင်ငံအဖြစ် တောင်ကိုရီးယား ရပ်တည်

တောင်ကိုရီးယားသည် ကမ္ဘာ့အမြန်ဆုံး အင်တာနက်ချိတ်ဆက်မှုအမြန်နှုန်း ပိုင်ဆိုင်သော နိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

တောင်ကိုရီးယား၏ အင်တာနက်အမြန်နှုန်းသည် 26.3 Mbps ရှိပြီး ၂၀၁၆ ခုနှစ် တတိယသုံးလပတ်တွင် အမြန်နှုန်း 25 Mbps အထက်ရှိသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း အမေရိကန်အခြေစိုက် cloud ဝန်ဆောင်မှုကုမ္ပဏီ Akamai မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားအနေဖြင့် မြန်နှုန်းမြင့် အင်တာနက်ကို ပိုင်ဆိုင်ထားခြင်းသည် နှစ်နှစ်ဆယ်နီးပါးအကြာ ကြိုးပမ်း အားထုတ်မှု၏ ရလဒ်ဖြစ်သည်။

၁၉၉၀ ခုနှစ်ဝန်းကျင်တွင် တောင်ကိုရီးယားအစိုးရက broadband လုပ်ငန်းအတွက် ပံ့ပိုးမှုအများအပြား ပြုလုပ် ခဲ့သည်။ ၎င်းအစိုးရသည် ဆက်သွယ်ရေးကဏ္ဍအတွက် တင်းကျပ်မှုများ လျှော့ပေါ့ပေးခဲ့ပြီး မြန်နှုန်းမြင့် အင်တာနက်အတွက် အခြေခိုင်မာသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ခဲ့သည်။

ထို့အပြင် broadband ဈေးကွက်တွင် အများနှင့်ယှဉ်ပြိုင်စေရန်အတွက် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခဲ့သည်။ နိုင်ငံသားများအား ကွန်ပျူတာများအသုံးပြုရန် တိုက်တွန်းခဲ့သလို ဝင်ငွေနည်းပါးသူများနှင့် ထိုစဉ်က အင်တာနက် ချိတ်မှုမရှိသူများက ဈေးသက်သာစွာဖြင့် မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးခဲ့သည်။

၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း အင်တာနက်အသုံးပြုသည့် ကိုရီးယားနိုင်ငံသား ၆ ဆ မြင့်တက်လာခဲ့သည်။ တောင်ကိုရီးယားသည် ကမ္ဘာ့ broadband အသုံးပြုမှုတွင် ၇၈ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာမှ ဂျပန်နိုင်ငံထက် ၁၀ ရာခိုင်နှုန်းပိုမိုကြောင်း အထက်ပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref: Quartz


Leave a Reply