ငြိမ်းချမ်းရေး ရန်ပုံငွေ တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင် ဆုံးဖြတ်ခွင့်ရ
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် နိုင်ငံတကာကပေးအပ်မည့် ရန်ပုံငွေများကို စီမံခန့်ခွဲရာတွင် မျှတမှု ရရှိစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် ဆုံးဖြတ်နိုင် စေရန် ကော်မတီတစ်ရပ်ကို ပထမဆုံး ဖွဲ့စည်းလိုက်သည်။ ယင်းကော်မတီကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်း၍ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါကော်မတီကို နေပြည်တော်တွင် ဒီဇင်ဘာလ ၂ဝ ရက်က တရားဝင် ဖွဲ့စည်းခဲ့ခြင်းဖြစ် ပြီး အစိုးရဘက်က ကော်မတီဝင် ရှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်များဘက်က ရှစ်ဦး၊ စုစုပေါင်း ၁၆ ဦးနှင့် အကြံပေး နှစ်ဦး ပါဝင် မည်ဖြစ်ကြောင်း၊ အပစ်ရပ် စာချုပ် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များလည်း ပါဝင် ကြောင်း ယင်းကော်မတီထံမှ သိရသည်။
အဆိုပါ ကော်မတီ အနေနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်သည့် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ညီလာခံများ စသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံးနှင့် သက်ဆိုင်သည့် ယန္တရားတစ်ခုလုံးတွင် အသုံးပြုမည့်ရန်ပုံငွေများကို မျှမျှတတ ခွဲဝေအသုံးပြုသွားရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီတွင် ပါဝင်သည့် ပအိုဝ်းလက်နက်ကိုင် ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Voice သို့ ပြောကြားသည်။
လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များမှ “ဝ”နှင့် မိုင်းလားဗဟိုကော်မတီဝင် နှစ်ဦး၊ မွန် ပြည်သစ်ပါတီနှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့မှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ပြီး အပစ်ရပ် ထိုးထား သည့်လက်နက်ကိုင်များမှ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့မှ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“ရန်ပုံငွေတွေကို ထိထိရောက်ရောက်နဲ့ ဘယ်ကဏ္ဍတွေက ဦးစားပေးတွေလဲ ဆိုတာကို ပြောတာပေါ့။ ကိုယ် ဘယ်ကဏ္ဍမှာ လိုချင်လဲ ဆိုတာမျိုးကို ရေးဆွဲပြီးတော့တင်ဖို့ပါ”ဟု ၎င်းက ဆိုသည်။
ထို့ပြင် အစိုးရ၊ တပ်မတော်နှင့် ပြည်ထောင်စု လွှတ်တော်မှ ကော်မတီဝင်များလည်း ပါဝင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကုလသမဂ္ဂမှ ပံ့ပိုးကူညီပေးရန် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ (Joint Peace Fund) ကို တည်ထောင်ထားပြီး လာမည့် ခြောက်နှစ်တာ ကာလအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်းတစ်ရာကျော် ပေးအပ်ရန် ကတိကဝတ် ပြုပြီးဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာထားသည်။
လက်ရှိအချိန်အထိ ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့မှ ရန်ပုံငွေများ ထည့်ဝင်ရန် ကတိပြုထားကြောင်း သိရသည်။
# The Voice