အစိုးရ၏ ပထမခြောက်လရငွေမှာ သုံးနှစ်အတွင်း အနည်းဆုံးဖြစ်ဟု ပြည်သူ့ငွေစာရင်းကော်မတီ လွှတ်တော်တင်

အစိုးရသစ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင်ရရှိသော ရငွေမှာ သုံးနှစ်တာကာလအတွင်း အနည်းဆုံးဖြစ်နေကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီက ဒီဇင်ဘာ (၁၄) ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလိုက်သည်။

ပြည်ထောင်စုလွှတ်တော် ပူးပေါင်း ငွေစာရင်းကော်မတီသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ဘဏ္ဍာငွေ ရငွေအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ကော်မတီက သုံးသပ်ချက် ထုတ်ပြန်တင်ပြလိုက်ခြင်း ဖြစ်သည်။

ယခုနှစ် ပြည်ထောင်စု၏ ခန့်မှန်းခြေစာရင်းတွင် ရငွေသည် ၁၆၉၇၈ ဒသမ ၉၉၁ ဘီလီယံဟု ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေတွင် ပါရှိသော်လည်း ယခုနှစ် ၆ လပတ်တွင် ကျပ် ၆၂၆၂ ဒသမ ၁၂၆ ဘီလီယံ (၃၆ ဒသမ ၈၈ ရာခိုင်နှုန်း) သာ ရရှိနေသောကြောင့် ဒုတိယ ၆လပတ် (ယခုနှစ်နှစ်ကုန်) တွင် အစိုးရအနေနှင့် ပိုမိုကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကော်မတီက ဆိုသည်။

ယင်းအတွက်ကြောင့် ယခုဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်မည့် လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီး နိုင်ရန်၊ ပြီးစီးနိုင်ခြင်းမရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးစွဲနိုင်ခြင်းမရှိသည့် အသုံးစရိတ်များကို  အချိန်မီ ပြန်လည်အပ်နှံရန် လိုအပ်ကြောင်း ကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။

အထူးသဖြင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေသည် ၂၀၁၄-၂၀၁၅ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၁၃၆၉ ဒသမ ၇၃၃ ဘီလီယံ လျော့နည်းကျဆင်းခဲ့ကြောင်း ကော်မတီက ဆိုသည်။

ယင်းသဘောထားမှတ်ချက် တင်ပြချက်များကို ပြည်ထောင်စုလွှတ်တော်က ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အတည်ပြု ချက် ရယူသွားမည်ဖြစ်ကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

# The Voice


Leave a Reply