ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သတင်းထုတ်ပြန်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောင်တောဒေသသို့ သွားရောက်ကာ အကြမ်းဖက် တိုက်ခိုက်ခံရသည့်နေရာများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသအတွင်းရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များအား စုံစမ်းမေးမြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဒီဇင်ဘာ ၁၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန် ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။       ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်း ခဲ့သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် နိုင်ငံတော်သမ္မတရုံး၏ ၁ – ၁၂ – ၂၀၁၆ ရက်စွဲပါ အမိန့်ကြေညာစာအမှတ် ၈၉/၂၀၁၆ ဖြင့် ပေးအပ်ထားသော တာဝန်များကို ထမ်းဆောင် ရန်အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောင်တောဒေသသို့ သွားရောက်ခါ အကြမ်းဖက်တိုက်ခိုက်ခံရသည့်နေရာများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသအတွင်းရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များအား စုံစမ်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၂။       ကော်မရှင်အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံရ သည့် မောင်တောမြို့နယ်အတွင်းရှိ ငါးခူရ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ခွဲ နယ်မြေရုံးသို့ ကြည့်ရှုစစ်ဆေးပြီး နောက် ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၎င်းရွာတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ် ဘာသာဝင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ၎င်းတို့၏ နေရေး၊ ထိုင်ရေးကိစ္စရပ်များကို မေးမြန်းခဲ့သည်။ အဆိုပါ ရပ်မိရပ်ဖများက ယခုဖြစ်ပွားသည့်ကိစ္စသည် အကြမ်းဖက်သူများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း မိမိတို့ အချင်းချင်းအကြား ဖြစ်ပွားသည့်ကိစ္စမဟုတ်ကြောင်း၊ မိမိတို့ရွာရှိ ဈေးသည် ရွာသားများ ရောင်းဝယ်ဖောက်ကား နေပြီး မှီတင်းနေရသည့် ဈေးဖြစ်ကြောင်း၊ ဈေးသည် မိမိတို့ရွာသားများ၏ တွေ့ထိ ဆုံစည်းရာနေရာ ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ ကုန်စည်စီးဆင်းမှုမရှိဘဲ ဈေးမဖွင့်နိုင်သဖြင့် မိမိတို့ရွာနှင့် ဒေသအတွင်းရှိ ရွာများအတွက် စားဝတ်နေရေး ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း တင်ပြကြပါသည်။ ကော်မရှင်ဥက္ကဋ္ဌသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ ဒေသခံပြည်သူများ၏ စားဝတ်နေရေးကို ပြေလည်စေရေး၊ ၎င်းတို့၏ အခြေခံအခွင့်အရေးများ အာမခံချက် ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ပါသည်။

၃။       ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာမှ ထောက်ပံ့သော လူသားချင်းစာနာမှု အကူအညီများကို ရခိုင် ပြည်နယ်အစိုးရက သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဝေထောက်ပံ့ပေးလျက်ရှိဖြင့် ရသင့်ရထိုက်သူများ ရရှိလိမ့်မည် ဟုမျှော်မှန်းပါကြောင်း ရွာသူရွာသားများနှင့် တွေ့ဆုံစဉ်ပြောကြားရာ ရွာသူရွာသားများက ၎င်းတို့အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ကောင်းမွန်စွာရရှိပါကြောင်း၊ ဖြစ်နိုင်ပါက ထပ်မံရရှိလိုပါ ကြောင်းဖြင့် ပြောကြားကြပါသည်။

၎။       အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးလျက်ရှိရာ မသက်ဆိုင်သူများကို ပြန်လည်လွှတ်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ၄၈ ဦး လွှတ်ပေးပြီးဖြစ်ကြောင်း သိရှိ ရပါသည်။ ရွာသူရွာသားများနှင့် တွေ့ဆုံစဉ်တွင် ၎င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးစစ်ဆေးခံနေရမှုများ ရှိပါကြောင်း ပြောကြား၍ အပြစ်မရှိပါက လွှတ်ပေးပါရန် မေတ္တာရပ်ခံကြပါသည်။ ကော်မရှင်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အစိုးရ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ညှိနှိုင်းကာ စစ်ဆေးမှုများ မကြန့်ကြာစေရေးအတွက် ဆောလျင်စွာ ပံ့ပိုးဆောင် ရွက်ပေးရန် ညှိနှိုင်းပေးပါသည်။

၅။       ကော်မရှင်အဖွဲ့ဝင်များ မောင်တောဒေသအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလ၌ The Guardiain သတင်းစာ၊ South China Moring Post Website တွင် ၁၁ – ၁၂ – ၂၀၁၆ ရက်စွဲဖြင့် တင်ခဲ့သည့် သတင်းတစ်ရပ်၌ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ Noor Ayesha ဆိုသူ အမျိုးသမီးက ၎င်းသည် သမီးငယ် Dilnawaz Begum တို့နှင့်အတူ ထွက်ပြေးခဲ့ကြောင်း၊ ၎င်းသည် ကြက်ရိုးပြင်ရွာမှ ဖြစ်ကြောင်း၊ ၎င်းကို အဓမ္မပြု ကျင့်ခံရကြောင်း၊ ၎င်း၏ သမီးနှစ်ယောက်ကို အဓမ္မပြုကျင့်ပြီးနောက် အသတ်ခံရကြောင်း၊ ၎င်း၏ ခင်ပွန်းလည်း အသတ်ခံရကြောင်း၊ ကြက်ရိုးပြင်ရွာသို့ တပ်မတော်မှ ၀င်ရောက်စဉ် အခြားအမျိုးသမီးများလည်း အဓမ္မပြုကျင့်ခံ ရကြောင်း၊ သတ်ဖြတ်မှုများစွာလည်းရှိကြောင်း စသည်ဖြင့် ဖော်ပြပါရှိရာ ကော်မရှင်အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ကြက်ရိုးပြင်ရွာသို့ သွားရောက်၍ အသက်အရွယ် ကြီး၊ လတ်၊ ငယ် အမျိုးသားများ၊ အမျိုးသမီးများကို အချိန်ယူ၍ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းရာ The Guardiain Website တွင်ပါရှိသည့် Noor Ayesha ၏ဖြစ်စဉ် ဖြစ်ပွားမှုမရှိခဲ့ပါကြောင်း၊ အဆိုပါအမျိုးသမီးကိုလည်း ၎င်းတို့ရွာ၌ မတွေ့ရှိဘူးပါကြောင်း စသည်ဖြင့် ပြောကြားကြပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းဒေသ၌ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းမှ တာဝန်ရှိအရာရှိများအားလည်း မေးမြန်းရာ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုဖြစ်စဉ် မရှိ ပါကြောင်း၊ မိမိတို့သည် တပ်မတော် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားပါသည်။

၆။       ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ မောင်တော ဒေသ၌ စုံစမ်းစစ်ဆေးရာတွင် အကြမ်းဖက် တိုက်ခိုက်သူများအား ဥပဒေအကြောင်းရ အရေးယူနိုင်ရေးအတွက် တာဝန်ရှိသူများက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ၌ အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့မှုများ မရှိတော့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ ဒေသခံများအတွင်း စိုးရိမ်မှုများလျော့နည်းလာပြီး ဒေသတွင်း တည်ငြိမ်မှု အရိပ်အရောင် များ တွေ့ရှိရပါသည်။ အချို့ကျေးရွာများတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်ကို သိရပြီး အချို့ကျေးရွာများက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးရေး၊ ဆရာဆရာမများ စေလွှတ်ပေးရေး မေတ္တာရပ်ခံကြပါသည်။ ရပ်ရွာတည်ငြိမ် အေးချမ်းမှုရှိလာပြီဖြစ်၍ စာသင်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရန် ကော်မရှင်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းပေးခဲ့ပါသည်။

၇။       ထို့အပြင်ကော်မရှင်သည် မောင်တောဒေသသို့ ပထမအကြိမ်အဖြစ်သွားရောက်ခဲ့သည့် ခရီးစဉ်တွင် စုံစမ်း စစ်ဆေးရေးလုပ်ငန်းစဉ်၏ စုံစမ်းစစ်ဆေးမှုလုပ်ငန်းကိုသာမက ဒေသတည်ငြိမ်ရေး၊ ဒေသခံများ၏ ရောင်းဝယ် ဖောက်ကားမှု လည်ပတ်ပြီး စားဝတ်နေရေး အဆင်ပြေရေးနှင့် အခြားသော ပညာရေး၊ ကျန်းမာရေး ကိစ္စများပါ အဆင်ပြေရေးအတွက် ကော်မရှင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း ဖော်ပြအပ်ပါသည်။

# State Counsellor Office Information Committee


Leave a Reply