ဗင်နီဇွဲလား အမြင့်ဆုံးငွေစက္ကူများကို အကြွေစေ့ဖြင့် လဲလှယ်မည်

ဗင်နီဇွဲလားနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူများကို အကြွေစေ့များဖြင့် ၇၂ နာရီအတွင်း လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။ ၁၀၀ ဘိုလီဗာ ငွေစက္ကူများကို လဲလှယ် လိုက်ခြင်းဖြင့် မှောင်ခိုမှုများကို ရပ်တန့်ပေးရန် ကူညီနိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာနှင့် အထွေထွေပစ္စည်းများ ပြတ်လပ်မှုကို ကိုင်တွယ်ရာတွင်လည်း အကူအညီရမည်ဟု အစိုးရက မျှော်လင့် ထားသည်။

 

နယ်စပ်ဧရိယာတွင် လှုပ်ရှားနေသော လူဆိုးဂိုဏ်းများမှာငွေလဲရန် အချိန်ရမည်မဟုတ်ဟု သမ္မတနီကိုလပ်မာဒူရို က ပြောကြားခဲ့သည်။ ဝေဖန်သူများကမူ မာဒူရိုသည် စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရန်  သွေးရူးသွေးတန်း လုပ်ဆောင်နေ ခြင်းသာ ဖြစ်ကြောင်း ဝေဖန်ထားသည်။

“အရည်အချင်းမရှိတဲ့ အုပ်စိုးမှုပဲ၊ ဒီလောက်ပြဿနာတွေ ရှုပ်နေတဲ့ ဒီဇင်ဘာမှာ ဒီလိုဟာမျိုးလုပ်ဖို့ ဘယ်လိုလူက များ စဉ်းစားမိတာပါလဲ”ဟု အတိုက်အခံခေါင်းဆောင် ဟင်းနရစ်ကက်ပရီလက်စ် က တွစ်တာလူမှုကွန်ရက်တွင် စပိန် ဘာသာဖြင့် ရေးသားခဲ့သည်။

ပေးထားသည့်အချိန်တိုအတွင်း ၁၀၀ ဘိုလီဗာငွေစက္ကူအားလုံးကို လဲလှယ်ရန် မဖြစ်နိုင်ဟုလည်း ဝေဖန်မှုများရှိနေ သည်။ ၁၀၀ ဘိုလီဗာငွေစက္ကူမှာ ယခုနှစ်အနည်းငယ်အတွင်း ငွေတန်ဖိုး ထိုးကျသွားခဲ့ပြီး လက်ရှိတွင် အမေရိကန် ဒေါ်လာ ၂ ဆင့်သာ တန်ကြေးရှိတော့သည်။ စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်း ကြုံနေရသော ဗင်နီဇွဲလား သည် ကမ္ဘာပေါ်တွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံး နိုင်ငံများထဲမှတစ်ခုဖြစ်သည်။

“ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းဖြစ်နိုင်သမျှ လမ်းကြောင်းအားလုံးကို ပိတ်ဖို့အမိန့်ပေးပြီးပါပြီ၊ ယူသွားတဲ့ ပိုက်ဆံတွေ ပြန်ယူလာလို့ မရနိုင်တော့ ပါဘူး။ သူတို့မသမာမှုလုပ်တဲ့ ပြည်ပမှာပဲ ပိတ်ကျန်နေပါပြီ” ဟုမာဒူရိုက ရုပ်သံမှ တစ်ဆင့် ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စပြီး ၅၀၀ မှ ၂၀၀၀၀ တန် ဘိုလီဗာငွေစက္ကူ ခြောက်မျိုးထုတ်လုပ်သွားမည် ဟုလည်း ဗဟိုဘဏ်က ယခုလအစောပိုင်တွင်း ကြေညာထားသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရ က ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ ငွေကြေးဖောင်းပွမှုမှာ ၁၈၀ ရာခိုင်နှုန်းဟု ဖော်ပြသော်လည်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ခန့်မှန်းချက်တွင်မူ ငွေကြေး ဖောင်းပွမှု ၂၀၀၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ဖော်ပြထားသည်။

အိန္ဒိယတွင်လည်း ပြီးခဲ့သည့်လကငွေစက္ကူနှစ်မျိုးကို သုံးစွဲခွင့်မရှိတော့ကြောင်း ကြေညာခဲ့ပြီး အခြားငွေစက္ကူ များဖြင့် လဲလှယ်စေခြင်း၊ ဘဏ်တွင် အပ်နှံစေခြင်း တို့လုပ်ဆောင်ခဲ့ရာ ၀ရုန်းသုန်းကားဖြစ် ခဲ့ရသည်။ # The Voice


Leave a Reply