၂၀၁၈-၁၉ ဘောလုံး ရာသီတွင် ချန်ပီယံ လိဂ်ပွဲစဉ်များ ကစားချိန် ပြောင်းလဲမည်

ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်အေ)သည် ချန်ပီယံလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားသည့်အချိန်များကို လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီမှ စတင်၍ ပြောင်းလဲ သတ်မှတ်သွား တော့မည်ဖြစ်ကာ ယင်းသို့ စီမံလိုက်သည်မှာ ချန်ပီယံလိဂ်ပွဲစဉ်များကို ပရိသတ်များ ပိုမိုကြည့်ရှု အားပေးနိုင်စေရန်အတွက်ဖြစ်သည်ဟု UEFA က ရှင်းလင်းပြောကြားထားကြောင်း BBC က ဖော်ပြထားသည်။

 

ယူအီးအက်ဖ်အေသည် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပွဲစဉ်များကို အချိန်ကာလ နှစ်ခုပိုင်းခြား၍ ကျင်းပသွားတော့မည်ဖြစ်ကာ ရှေ့ပိုင်းပွဲချိန်တွင် ပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင် ကစားသွားစေမည်ဖြစ်ပြီး နောက်ပိုင်း ပွဲချိန် တွင်မူ ပွဲစဉ်ခြောက်ပွဲ ကျင်းပသွားမည်ဟု ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်။

ယူအီးအက်ဖ်အေသည် ပထမပွဲစဉ် နှစ်ပွဲ စတင်ချိန်ကို မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ (နွေယဉ်စွန်းတန်း စံတော်ချိန် ကုန်ဆုံးချိန်တွင်မူ တစ်နာရီ နောက်ဆုတ်ကာ နံနက် ၀၀း၃၀ နာရီသို့ ပြောင်းလဲသွားမည်ဖြစ်သည်) တွင် ကစားသွားစေမည်ဟု သတ်မှတ်ထားပြီး အခြားသော ပွဲစဉ်ခြောက်ပွဲကိုမူ မြန်မာစံတော်ချိန် နံနက်တစ်နာရီခွဲ (နွေယဉ်စွန်းတန်း စံတော်ချိန် ကုန်ဆုံးချိန်တွင်မူ တစ်နာရီ နောက်ဆုတ်ကာ နံနက်နှစ်နာရီခွဲသို့ ပြောင်းလဲသွား မည်ဖြစ်သည်) တွင် ဆက်လက်ကျင်းပသွားရန် ၎င်းတို့က ဆုံးဖြတ်ထားသည်။

ယူအီးအက်ဖ်အေသည် ဆွစ်ဇာနိုင်ငံ နိုင်ယွန်မြို့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေး၌ ယင်းဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ အချိန် ပြောင်းလဲသတ်မှတ်မှု အဆင်ပြေ၊ မပြေကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ရောက်ရှိချိန်တိုင်သည်အထိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း UEFA က အသိပေးထားသည်။

UEFA သည် ယင်းဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပွဲတွင် ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကျင်းပမည့် ဘောလုံးကွင်းနှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကျင်းပမည့် ဘောလုံးကွင်းများကို ရွေးချယ်ခဲ့သေးကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ အိုလံပစ် ဘောလုံးကွင်းကလည်းကောင်း၊ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ရှိ စတိတ်ဒက်စ် လူမိုင်းရက်စ် ဘောလုံးကွင်းကလည်းကောင်း အသီးသီး အိမ်ရှင်ဖြစ်ခွင့် ရသွားခဲ့ကြသည်။

# The Voice


Leave a Reply