မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင် စတင်ကွင်းဆင်းစုံစမ်း

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသ တွင် အောက်တိုဘာ ၉ ရက်နှင့် နိုဝင် ဘာ ၁၂ နှင့် ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်အတွက် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ကော် မရှင်၏ ပထမဆုံးခရီးစဉ်အဖြစ် မောင်တောနယ်စပ်ဒေသတွင်သုံးရက်ကြာ စုံစမ်းစစ်ဆေးရန် မောင်တောဒေသသို့ ရောက်ရှိနေကြောင်း သိရသည်။

ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက်က စစ်တွေ မြို့မှတစ်ဆင့် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသို့ ရဟတ် ယာဉ်များဖြင့်ရောက်ရှိလာခဲ့ပြီး ၀က်ပစ် (၀ါးပိတ်) ဘင်္ဂါလီကျေးရွာသို့ သွားရောက်လေ့လာခဲ့ကြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ သည့်နေရာများသို့ သွားရောက်လေ့လာစုံစမ်းသွားမည်ဖြစ်ပြီး ဒေသခံများနှင့် တွေ့ဆုံမည့် အစီအစဉ် ပါမပါ မသိရ ကြောင်း ကော်မရှင်အဖွဲ့ခရီးစဉ်အတွက် လုံခြုံရေးဆောင်ရွက်ပေးနေရသည့် လုံခြုံရေးအရာရှိတချို့ကပြောကြားသည်။

မောင်တောအကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြစ်ပွားရသည့် နောက်ခံအခြေအနေနှင့် အဖြစ်မှန်ပေါ်ပေါက်စေ ရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူအဖြစ် မျိုးထပ်မံမဖြစ်ပေါ်စေရေး၊ ဖြစ်စဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်မှု တွင် နိုင်ငံတော်၏တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြုတင်ပြနိုင်ရန်အတွက် အဖွဲ့ဝင် ၁၃ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၁ ရက်တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အရောက် တိုက်ရိုက်အစီရင်ခံတင်ပြရမည်ဖြစ်သည်။ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်အနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များသည် တိုတောင်းသောအချိန်အတွင်း ကြီးမားကျယ်ပြန့် မှုရှိသည်ကို ကော်မရှင်အဖွဲ့ဝင်များက ကောင်းစွာသတိပြုခံယူထားကြောင်း စုံ/ကော်အဖွဲ့က ဒီဇင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၉ ရက်တွင် မောင်တောအခြေစိုက်နယ်ခြားစောင့် ရဲဌာနချုပ်အပါအ၀င် ငါးခူရနှင့်ကိုးတန်ကောက် ရဲစခန်းကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦးကျ ဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၅၁ လက် နှင့်ကျည်ဆန် ၁၀၁၄၀ ဆုံးရှုံးခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အောက်တိုဘာလကုန်ပိုင်းက မောင်တောမြို့နယ် နူရူလာရဲကင်းစခန်းကို အကြမ်းဖက်သူများ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး ခဲ့ရကာ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် တပ်မတော်သား တစ်ဦးနှင့် စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ရသည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံလူ့အဖွဲ့အစည်းများ ပြန်လည်သင့်မြတ်ရေးနှင့် ပဋိပက္ခကာကွယ်ရေးတို့အပါအ၀င် ရင်ဆိုင်နေရ သည့် အခက်အခဲများကို လေ့လာသုံးသပ်ပြီး အကြံပြုတင်ပြနိုင်ရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွှန်ကြားချက် ဖြင့် သြဂုတ်လအတွင်းဖွဲ့စည်းခဲ့ကြောင်း သိရသည်။  #Democracytoday


Leave a Reply