အက်သလက်တီကိုအသင်း လိုဂိုပြောင်းလဲ၊ ကွင်းသစ်အမည်ကိုလည်း ထုတ်ပြန်ကြေညာ

စပိန်လာလီဂါကလပ် အက်သလက်တီကိုအသင်းသည် အသင်းအမှတ်တံဆိပ် လိုဂိုကို ဒီဇိုင်း ပြောင်းလဲလိုက်ပြီ ဖြစ်ကာ အဆိုပါလိုဂိုသစ်ကို လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီမှ စတင်၍ အသုံးပြုသွားတော့မည်ဖြစ်ကြောင်း အက်သလက်တီကို အသင်း တာဝန်ရှိသူများက အတည်ပြုလိုက်ပြီ ဖြစ်သည်ဟု Marca က ဖော်ပြထားသည်။

 

အက်သလက်တီကိုသည် အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် လိုဂိုဒီဇိုင်းကို ၁၂ ကြိမ်မြောက်အဖြစ် ဒီဇိုင်း အပြောင်းအလဲ လုပ်လိုက်ခြင်းဖြစ်ကာ ယင်းလိုဂိုရှိ အမှတ်အသား အများစုမှာ အလယ်ခေတ်ကာလတွင် ထင်ရှား ခဲ့သည့် မက်ဒရစ်မြို့စောင့်တပ်၏ လိုဂိုတွင်ပါရှိသော အင်္ကေတများ ဖြစ်ကြသည်။.

အက်သလက်တီကိုသည် လိုဂိုရှိ ကြယ်ခုနစ်ပွင့်၊ သစ်ပင်သို့ ချိတ်တက်ရန် ကြိုးပမ်းနေသည့် ဝက်ဝံ အစရှိသည့် ပုံရိပ်များကို မက်ဒရစ်မြို့စောင့်တပ်၏ လိုဂိုကတစ်ဆင့် ဆင့်ပွား ရယူထားခြင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီ သစ်တွင် ပြောင်းရွှေ့အခြေစိုက်မည့် ဘောလုံးကွင်းသစ်ကို ဝန်ဒါမက်ထရိုပိုလီတာနိုဟု အမည်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်းလည်း အက်သလက်တီကိုက ထုတ်ပြန်ကြေညာထားပြီ ဖြစ်သည်။

အက်သလက်တီကိုသည် နှစ်ပေါင်း ၅၀ ကြာ အသင်းအခြေစိုက်ခဲ့သည့် ဗင်းဆင့်ကယ်လ်ဒါရွန် ဘောလုံး ကွင်းကြီးကို ဘောလုံးရာသီပြီးဆုံးချိန်တွင် စွန့်ခွာတော့မည်ဖြစ်ပြီး အသင်း ပြောင်းရွှေ့ အခြေစိုက်မည့် ဝန်ဒါမက် ထရိုပိုလီတာနို ဘောလုံးကွင်းသစ်မှာ ပရိသတ်အရေအတွက် ၆၇,၀၀၀ အထိ ဝင်ဆံ့သည်ဟု အက်သလက်တီကို က ရှင်းပြထားသည်။

အက်သလက်တီကိုသည် ကွင်းမူပိုင်ခွင့်ကို တရုတ်ထိပ်တန်းစီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သည့် တာ့လျန်ဝန်ဒါ ထံသို့ ရောင်းချထားသည့်အတွက် ကွင်းသစ်အမည်တွင် ဝန်ဒါဟူသည့် စကားလုံးပါရှိလာခဲ့ခြင်းဖြစ်ပြီး မက်ထရို ပိုလီတာနိုဟူသည့် စကားလုံးမှာမူ အက်သလက်တီကို အသင်းပိုင် အိမ်ကွင်းအဖြစ် ပထမဆုံးအသုံးပြုခဲ့သည့် ဘောလုံးကွင်း၏ အမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အင်းနရစ် စီရီဇိုက ပြောကြားသွားခဲ့သည်။

တရုတ်စီးပွားရေးလုပ်ငန်းစု တာ့လျန်ဝန်ဒါသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက စတင်၍ အက်သလက်တီကို၏ မိတ်ဖက်စပွန်ဆာအဖြစ် စတင်ရပ်တည်ခဲ့ကာ လက်ရှိတွင် အက်သလက်တီကိုအသင်းပိုင် ရှယ်ယာပမာဏ ၂၀ ရာခိုင်နှုန်းကိုလည်း တာ့လျန်ဝန်ဒါက ဝယ်ယူထိန်းချုပ်ထားပြီဖြစ်သည်။

အက်သလက်တီကိုသည် အသင်းလေ့ကျင့်ရေးကွင်း၏ အမည်မူပိုင်ခွင့်ကိုလည်း တာ့လျန်ဝန်ဒါထံသို့ ရောင်းချ ထားသည်။

# The Voice


Leave a Reply