နယူးဇီလန် ဝန်ကြီးချုပ် ရာထူးကို ဂျွန်အင်္ဂလစ်ရှ် ဆက်ခံ

နယူးဇီလန် ဝန်ကြီးချုပ်သစ်အဖြစ် ဘီလ် အင်္ဂလစ်ရှ်က တရားဝင် ရာထူးလက်ခံ တာဝန်ယူလိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဝန်ကြီးချုပ် ဂျွန်ကီးက ရုတ်တရက် အံ့အား သင့်ဖွယ် ရာထူးမှနုတ်ထွက်လိုက် ပြီးနောက် အင်္ဂလစ်ရှ်က ၎င်း၏ နေရာကို ဆက်ခံခဲ့သည်။ အင်္ဂလစ်ရှ်သည် ဒီဇင်ဘာ ၁၂ ရက်တွင် နယူးဇီလန်၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

 

အင်္ဂလစ်ရှ်သည် လက်ရှိ အာဏာရ အမျိုးသားပါတီက ဖွဲ့စည်းခဲ့သည့် အစိုးရတွင် ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဝယ်လင်တန် မြို့တော်ရှိ ဝန်ကြီးချုပ် အိမ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုကာ ဝန်ကြီးချုပ် နေရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။

အမျိုးသားပါတီက ကီး၏ ရာထူးနေရာ ဆက်ခံသူ အသစ်အတွက် သီးသန့် အစည်းအဝေးတစ်ရပ် ကျင်းပပြီး အင်္ဂလစ်ရှ်ကို ရွေးချယ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ပြောကြားသည့် မိန့်ခွန်းတွင် အင်္ဂလစ်ရှ်က မိမိသည် စိတ်ကူးစိတ်သန်း ကြွယ်ဝ ကောင်းမွန်သည့် ဝန်ကြီးများ စုဖွဲ့ထားသော အစိုးရကို ဦးဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

နယူးဇီလန်အစိုးရ၏ ဒုတိယဝန်ကြီးချုပ်နေရာကိုမူ လူမှုအဆောက်အအုံ ဝန်ကြီးဌာန ဝန်ကြီး ပေါ်လာဘားနတ်က ရယူခဲ့သည်။ အမျိုးသားပါတီဥက္ကဋ္ဌ ပီတာဂွတ်ဒ်ဖဲလိုက အင်္ဂလစ်ရှ်နှင့် ဘားနတ်တို့သည် အတွေးအခေါ်သစ်များ ကို ယူဆောင်လာမည့် ခေါင်းဆောင်ကောင်းများအဖြစ် ချီးကျူး ညွှန်းဆိုခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ကီးသည် ရာထူးမှနုတ်ထွက်ခဲ့သော်လည်း လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲထိ အမတ်တစ်ဦးအနေဖြင့် ဆက်ရှိနေမည်ဟု သိရသည်။ သို့သော် ၎င်းသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့ မည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။

Ref: Stuff


Leave a Reply