ကျိုင်းတုံ ကြားဖြတ် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ခြောက်ခု ဝင်ပြိုင်မည်

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် နိုင်ငံရေးပါတီခြောက်ခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအောင်က ပြောကြားသည်။

“ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ပါတီ အပါအဝင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကျားဖြူ၊ ကျားခေါင်း၊ အာခါနဲ့ လားဟူပါတီတွေက ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေ ပေးထားတယ်။ ဒီဇင်ဘာလ ၈ ရက်က နောက်ဆုံးလက်ခံတာဆိုတော့ စာရင်းပိတ်လိုက်ပြီ” ဟု ၎င်းက ဆိုသည်။

လက်ရှိကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်၌ ယှဉ်ပြိုင်ရန်အတွက် ယခင် လားဟူ တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးရှာမွေလှရှဲန် ကို ကိုယ်စားလှယ်လောင်းအဖြစ် ပါတီတာဝန်ရှိသူများက ရွေးချယ်ခဲ့ပြီးဖြစ်၍ ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းတင်သွင်းကြောင်း ကျိုင်းတုံ ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ပြောကြားသည်။

“ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပါတီတာဝန်ရှိသူတွေက ရွေးချယ်ပေးအပ်တဲ့အတွက် ကော်မရှင်မှာ အမည်စာရင်း တင်သွင်းပြီးဖြစ်သလို တရားရုံးမှာလည်း ကျမ်းကျိန်ထား ပြီးပြီ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာဝဏ္ဏစိုးက ဆိုသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ လစ်လပ်နေ၍ အဆိုပါနေရာအတွက် ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအုပ်စု ၁၆ ခု၌ ကျင်းပမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ခြောက်ခုအပါအဝင် ပါတီစုစုပေါင်း ၁၁ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နေရာအားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားကြောင်း ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

# The Voice

 


Leave a Reply