မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) သက်တမ်း ဥပဒေကြောင်းအရ နှစ်လထပ်မံတိုး

မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) ထုတ်ပြန်ထားသည်မှာ ဒီဇင်ဘာ ၉ ရက်နေ့က နှစ်လပြည့်မြောက်ခဲ့သဖြင့် ဥပဒေကြောင်းအရ ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောဆို သည်။ “အရင်အတိုင်းပဲ၊ ဥပဒေကြောင်းအရ သက်တမ်းထပ်တိုးတာ” ဟု ၎င်းကဆိုသည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)၊ ငါးခူရ နယ်မြေရုံး၊ ကိုးတန်ကောက် ရဲကင်းစခန်းတို့အား အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီးနောက် မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မောင်တောခရိုင်အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူများ စုဝေးခြင်းမပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

“အရင်တစ်ခေါက်ထုတ်ထားတုန်းက အများပြည်သူနှင့် သက်ဆိုင်သောနေရာမှာ ဘုန်းကြီးကျောင်း၊ ဗလီ၊ စာသင် ကျောင်းဆိုတာမျိုးတွေကို ထည့်ခဲ့တယ်။ အဲ့ဒါမှာ နားလည်မှုတွေလွဲတယ်။ အဲ့ဒါကို အခု အများပြည်သူနှင့် သက်ဆိုင် သောနေရာများလို့ ပြောင်းထားတယ်” ဟု ရခိုင်ပြည်နယ်အစိုးရ ပြောဆိုခွင့်ရှိသူ စည်ပင်သာယာရေး ၀န်ကြီး ဦးမင်းအောင် က ဆိုသည်။

မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကို ဒီဇင်ဘာ ၉ ရက်မှစပြီး နှစ်လပြည့်မြောက်သည့်နေ့အထိ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်ထားကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ကြေညာထားသည်ဟု သိရသည်။

# Mizzima


Leave a Reply