စရိတ်လစာနှင့် ကော်မရှင်အဖွဲ့ခွဲဝင် သက်တမ်းကို ပြင်ဆင်ရန် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပြင်ဆင်မည်

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ သက်တမ်းကို ၅ နှစ်ထားရှိရာမှ ကိုးလအဖြစ်သို့ ပြင်ဆင်ခြင်းနှင့် လစဉ် ချီးမြှင့်ငွေများကို ပြင်ဆင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက လွှတ်တော်သို့ တင်ပြ လိုက်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ရန် ၎င်းက တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအချက်တို့ ပြင်ဆင်လိုကြောင်း ၎င်းက ရှင်းပြသည်။

“ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်တွေကိုဖွဲ့တာ သက်တမ်းငါးနှစ်လုံး မဟုတ်ဘဲ သက်တမ်းကာလ သတ်မှတ် တာ၊ လုပ်မယ့်နှစ်မှာ ကိုးလပဲ သတ်မှတ်ဖို့ပြင်ဆင်တာ၊ နောက်တစ်ခုက စရိတ် ချီးမြှင့်ငွေကို အစိုးရအဖွဲ့နဲ့ ညှိပြီး ပြင်ဆင်မှာ၊ ကော်မရှင်သစ်မှာ လွှတ်တော်ကသတ်မှတ်တဲ့နှုန်းနဲ့ ပေးအောင် အစိုးရအဖွဲ့နဲ့ညှိပြီး သတ်မှတ်မှာပါ”ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲသည် ၅ နှစ် သက်တမ်းအတွင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ကျင်းပသောကြောင့် အဖွဲ့ခွဲဝင် များကို လစဉ် ချီးမြှင့်ငွေပေးခြင်းသည် နိုင်ငံတော်အတွက် ကုန်ကျစရိတ် များပြားနိုင်သောကြောင့် ယင်းဥပဒေ ပြင်ဆင်ပြီးပါက ဧပြီလတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌လည်း ကျင်းပမည့် မြို့နယ် ၂၂ မြို့နယ်မှ အဖွဲ့ခွဲဝင်များကိုသာ စရိတ် ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်ဥက္ကဋ္ဌ ပြင်ဆင်လိုသည့်ကိစ္စများသည် ပြင်ဆင်သင့်သည့်ကိစ္စများဖြစ်ပြီး အမျိုးသားလွှတ်တော်မှ ဆွေးနွေးအတည်ပြုပေးရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်အုန်းကြည်က ကော်မတီ ကိုယ်စား တင်ပြပြောကြားသည်။

လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် အိမ်တိုင်ရာရောက် စာရင်းစစ်နေပြီး ကွန်ပျူတာ စာရင်း သွင်းနေပြီဖြစ်ကြောင်း၊ လူဦးရေ များပြားသည် မြို့နယ်များကို ဆက်လက်ကောက်ခံနေကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

# The Voice


Leave a Reply