လွှတ်တော်မှစိုးရိမ်ကြောင်း အရေးကြီးအဆိုရှုံးနိမ့်ခဲ့ ရှမ်း(အရှေ့) မက်မန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အဆိုကို ထောက်ခံဆွေးနွေး

ရှမ်းအရှေ့မြောက်ဒေသတွင် လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ ကြောင့် အပြစ်မဲ့ပြည်သူများ သေကျေ ခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ အာဏာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆို တစ်ရပ်ကို မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက နိုဝင်ဘာ ၂၉ ရက်က တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရာအဆိုကို ဆက်လက် ဆောင် ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် အဆိုမှာ ရှုံးနိမ့်ခဲ့သည်။

အဆိုအပေါ် တပ်မတော်သားကိုယ်စားလှယ်နှစ်ဦး အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်အချို့နှင့် အစိုးရအဖွဲ့မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အဆိုကို ထောက်ခံခဲ့ကြသည်။ ယင်းအဆိုထောက်ခံဆွေးနွေးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့) မက်မန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၏ ထောက်ခံဆွေးနွေးမှုကို ဖော်ပြအပ်ပါသည်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်(အရှေ့) မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးဖြစ်ပါတယ်။

လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ-
ကျွန်တော့်အနေနဲ့ ၂ဝ၁၆ခုနှစ် နိုဝင်ဘာ ၂၉ ရက်က မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းခဲ့တဲ့ ရှမ်းပြည်နယ်၊ အရှေ့မြောက်ဒေသသိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA, MNDAA, TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု၊ မိုင်းထောင် မှု၊ ဖျက်ဆီးမှုများ၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကျေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေး ဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုအား ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ-
၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်မှာ KIA, MNDAA, TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များဟာ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁ဝ၅ မိုင်ကုန်သွယ်ရေးစခန်းတို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာကို အားလုံးသိရှိပြီး သား ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များကြောင့် တပ်မတော် သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များအပြင် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ ကျဆုံးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြားရှိခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက် သောင်းကျန်သူအဖွဲ့များဟာ လမ်းတံတားများကို မိုင်းထောင် ဖောက်ခွဲခြင်း၊ ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ်များအား အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရက်စက်စွာပစ်ခတ်ခြင်း အစရှိသည့် အကြမ်းဖက်ဆန်သောလုပ်ရပ်များကို မြင်သာအောင် ကြည့်ရင်မြင်နိုင်မှာပါ။

ဒီဖြစ်စဉ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် တပ်စခန်းများကို သာမန်တိုက်ခိုက် တဲ့အဆင့်ထက် ကျော်လွန်နေပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကားလာတာဖြစ်ပါ တယ်။ အဆိုပါပူးပေါင်းအဖွဲ့ရဲ့ အကြမ်းဖက်ဆန်ဆန်လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ စစ်ဘေးရှောင်ဒုက္ခသည်ဘဝကို ချက်ချင်းရောက်ရှိသွားကြပါတယ်။ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဆက်ဆံရေး အတွက်လည်း အတိုင်းအတာတစ်ခုအထိ ဂယက်ရိုက်ခဲ့ပါတယ်။
စီးပွားရေးအရကြည့်မယ်ဆိုရင်လည်း နေ့စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့် ကုန်သွယ်မှုရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နယ်စပ်ကုန်သွယ် ရေးဇုန်က ဝင်ရောက်လာမယ့် ကုန်သွယ်မှုတန်ဖိုးတွေ များစွာကျဆင်းခဲ့ရတဲ့ အတွက် နိုင်ငံအတွက်လည်း အင်မတန်မှ နစ်နာခဲ့ရပါတယ်။

နိုဝင်ဘာ ၂ဝ ရက်က စတင်ခဲ့တဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ တစ်ဖက်သတ် စတင်တိုက်ခိုက်မှုတွေဟာ ယနေ့အထိ သေနတ်သံတွေ ကြားနေရဆဲပါပဲ။

အထက်ပါလုပ်ရပ်တွေဟာ ဒီမိုကရေစီစစ်ကို ဖော်ဆောင်နေတဲ့ အစိုးရ အတွက် နိုင်ငံရေးသိက္ခာကျစေသလို တပ်မတော်သားအားလုံးနဲ့ ပြည်သူ တစ်ရပ်လုံး လိုးလားတောင့်တ နေကြတဲ့ ငြိမ်းချမ်းရေးအပေါ် ထိပါးစော်ကား လာတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မကြာမီဒုတိယအကြိမ် ပြန်လည် ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အတွက် အကျပ်အတည်းဖြစ်အောင် ပြုလုပ်လာတဲ့ မရိုးမသားသောသဘောထား တွေကို တွေ့မြင်ကြရမှာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၂ဝ၁၅ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ NCA (Nationwide Ceasefire Agreement) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သလို ယခု အစိုးရ လက်ထက်မှာလည်း ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို စတင်ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး တံခါးကို အပြည့်အဝ ဖွင့်ထားပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ မြန်မာနိုင်ငံရဲ့အရွေ့ကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၁ ရာစုပင်လုံ ညီလာခံအဖွင့်မိန့်ခွန်းမှာ NCA နဲ့ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေရှိသလို အကြောင်းကြောင်း ကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေသေးကြောင်း၊ အစိုးရသစ် လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားအချင်းချင်း ကြားမှာ နားလည်မှု လွဲမှားတာတွေ၊ စိတ်ဝမ်းကွဲမှုတွေမရှိစေဖို့ ဘုံသဘော တူညီချက်ဖြစ်တဲ့ NCA ထီး ရိပ်အောက်မှာ အားလုံးရောက်ရှိအောင် ဆောင်ရွက်နေကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွတ်ရေး မတည်ဆောက်နိုင်သမျှကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးကို မတည်ဆောက် နိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထက် ဘာမျှပိုအရေးမကြီးဘဲ ၎င်းကို ရရှိအောင်မြင်မှာဖြစ်နိုင်ကြောင်း၊ မြန်မာက ကမ္ဘာကိုပြသလိုကြောင်း စင်ကာပူသို့ရောက်ရှိနေသောနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူ ဝန်ကြီးချုပ်တည်ခင်းဧည့်ခံသော ညစာစားပွဲတွင် နိုဝင်ဘာ ၃ဝရက်၌ ပြောကြားခဲ့ပါသည်။

”စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံး အကောင်အထည်ဖော် တဲ့နေရာမှာ There can neither be peace without democracy nor democracy without peace ”ငြိမ်းချမ်းရေးမရှိဘဲနှင့်လည်း ဒီမိုကရေစီ တည်ဆောက်၍မရသလို ဒီမိုကရေစီမရှိဘဲနှင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ကို တည်ဆောက်၍ မရနိုင်တဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးအား အလေး အနက်ထားတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါဟာဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် ပြင်းပြတဲ့ စိတ်ဆန္ဒတွေဖြစ်တယ် ဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဒီနေရာမှာ အနည်းငယ် အကြံပြုတိုက်တွန်း လိုတာကတော့ ပြည်တွင်း Printed Media/Social Media ကိုပါပဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပြည်သူ တစ်ရပ်လုံး၊ တိုင်းရင်းသားအားလုံး ပါဝင်လာဖို့ ဖြစ်စဉ်အမှန်များကို ပြည်သူများသိရှိစေဖို့ အစွန်းမရောက်ဘဲ နိုင်ငံအတွက် အရေးပါတဲ့ စတုတ္ထမီဒီယာ ကောင်းများအဖြစ် အထောက်အကူပြုဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။

လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ-
နိဂုံးချုပ်အနေနဲ့ ဆွေးနွေးတင်ပြရရင်တော့ ‘ညီညွတ်မှငြိမ်းချမ်းမည်၊ ငြိမ်းချမ်းမှတိုးတက်မည်’ ဟု ဆိုသည့် အတိုင်း စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေတဲ့ ယခုလိုအချိန်ကာလနဲ့ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင် လုံဒုတိယအကြိမ် ကျင်းပခါနီး အချိန်မျိုးမှာKIA, MNDAA, TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ တစ်ဖက်သတ် စတင်တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ထိခိုက်လာနိုင်တဲ့အတွက် အကြမ်းဖက်သောင်းကျန်းသူများအဖြစ် သတ်မှတ်သင့်ပြီး ၎င်းအဖွဲ့များ၏ လုပ်ဆောင်ချက်များအား ရှုတ်ချကန့်ကွက် ပါကြောင်း၊ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၏ အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံပါ ကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။


Leave a Reply