မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၄ ရက် ညနေတွင် သတင်းထုတ်ပြန်သည်။

မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းကို KIA၊ TNLA၊ MNDAA၊ AA  ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၂၀ ရက်ကစ၍ ၁၄ ရက်ကြာ တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့်လက်နက်ကိုင် ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး နှစ်ဖက် သေဆုံးထိခိုက်မှုများရှိခဲ့သည်။

 မုံးကိုးတပ်စခန်းသို့ စစ်ကူပေးရန် သွားရောက်သည့် တပ်မတော်စစ်ကြောင်းများသည် ဒီဇင် ဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မုံးကိုးတပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများက မုံးကိုးမြို့ အတွင်း အသေးစိတ်ရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း၊  တပ်မတော်အနေဖြင့် မုံးကိုးမြို့ကို  ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းများ မုံးကိုးတပ်စခန်းသို့ သွားရောက်ပူးပေါင်းစဉ် လက်နက်ကိုင်ပူး ပေါင်းအဖွဲ့၏ အဆင့်ဆင့် ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုများခံခဲ့ရဟု ဆိုသည်။

လက်နက်ကိုင်ပူးပေါင်းအဖွဲ့အနေဖြင့် မုံးကိုးတပ်စခန်းကို သိမ်းပိုက်ရန် တိုက်ခိုက်ရာတွင် တပ်မတော်က လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

တပ်မတော်နှင့်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့၏ မုံးကိုးဒေသတိုက်ပွဲများကြောင့် ဒေသခံအများအပြားသည် တရုတ် နိုင်ငံနှင့် မူဆယ်မြို့များသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲဖြစ်စဉ်များတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် မုံးကိုးမြို့ရှိ အရပ်ဘက် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ မုံးကိုးရှိ အရပ်သားများထိခိုက်မှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၎င်းတို့၏ဒေသများတွင် တပ်မတော်က ထိုးစစ်ဆင်မှုများတိုး၍ ပြုလုပ်လာသော ကြောင့် တုံ့ပြန်သည့်အနေဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အပါအဝင် အစိုးရလုံခြုံရေးတပ်စခန်းများကို နိုဝင်ဘာ ၂၀ ရက်၌ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အကြောင်းပြထားသည်။

တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် အရပ်သားများ သေဆုံးဒဏ်ရာရခြင်း၊ ကုန်သွယ် ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းတို့ဖြစ်ပေါ်ပြီး ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

# 7 Day Daily


Leave a Reply